Monday, February 21, 2011

တိုကျိုတွင် ကျင်းပပြုလုပ်သည့် (၆၃) နှစ်မြောက် ချင်းအမျိုးသားနေ့

၂၀၁၁ ခုနှစ် ဖေဖေါ်ဝါရီလ(၂၀)ရက်။

   More Photos
ချင်းတိုင်းရင်းသားများ အဖွဲ့အစည်း(ဂျပန်) Chin National Community –Japan မှ ဦးစီး၍(၆၃)နှစ် မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို ယနေ့ ၂၀၁၁ခုနှစ်ဖေဖော်ဝါရီလ ၂၀ရက်နေ့တွင် ဂျပန်နိုင်ငံ၊တိုကျိုမြို့ နိရှိရှီနာဂါဝ အရပ်ရှိ ရှီနာဂါဝချူးရှော ခိဂယော စင်တာ ၃ထပ်တွင် ကျင်းပခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ ဂျပန်သတင်း မီဒီယာများ၊ မြန်မာ့အရေးကို စိတ်ဝင်စားသော ဂျပန်လူမျိုးဧည့်သည်တော်များ၊ နိုင်ငံခြားသား ဧည့်သည်တော်များ ၊တိုင်းရင်းသား အဖွဲ့အစည်းအသီးသီးမှ ဧည့်သည်တော်များ ၊ဒီမိုကရေစီ အင်အားစုများ စုစုပေါင်း ဧည့်ပရိသတ် ၂၀၀ ကျော် တက်ရောက်ခဲ့ပါသည်။

အခမ်းအနားကို ညနေ ၆နာရီတွင် စတင်ဖွင့်လှစ်ခဲ့ပြီး သဘာပတိမှ အဖွင့်အမှာစကားပြော ကြားခဲ့ပါသည်။ဆက်လက်ပြီး ချင်းတိုင်းရင်းသားများ အဖွဲ့အစည်း(ဂျပန်)၏ဥက္ကဌ ဒေါ်ကျင်လန်းလွန် မှ ချင်းအမျိုးသားနေ့ဆိုင်ရာ မိန့်ခွန်း ပြောကြား၍ အတွင်းရေးမှူး ကျင်ဟောက်လွန်းမှ (၆၃)နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ် ကြေငြာစာတမ်းကို ဖတ်ကြားခဲ့ပါသည်။

အဆိုပါ ကြေညာချက်တွင် ဒုတိယပင်လုံခေါ် ၂၁ရာစု ပင်လုံညီလာခံ ပေါ်ပေါက်ရေးကို ထောက်ခံကြောင်း၊ နိုင်ငံရေး အကျဉ်းသားများအားလုံး လွှတ်ပေးရန်နှင့် တွေ့ဆုံ ဆွေးနွေးရေး နည်းလမ်းဖြင့်နိုင်ငံရေး ပြဿနာများကို ဖြေရှင်းရန် တောင်းဆိုကြောင်း ၊ ပင်လုံစာချုပ်ပါ အနှစ်သာရများကို ပစ်ပယ်ထားသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အခြေခံသော ၂၀၁၀ ရွေးကောက်ပွဲအရ ဖွဲ့စည်းလိုက်သော အစိုးရသစ်သည် ပြည်သူများနှင့် တိုင်းရင်းသားများကို ကိုယ်စားပြုသော အစိုးရမဟုတ်ကြောင်း၊ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲပြီး ငြိမ်းချမ်းစွာ တိုးတက်နိုင်ရေးအတွက် လက်ရှိအမည်ခံ အစိုးရသည် အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ တွေ့ဆုံ ဆွေးနွေးရေး နည်းလမ်းဖြင့် နိုင်ငံရေး ပြဿနာများကို ဖြေရှင်းရန် တိုက်တွန်းကြောင်း၊ ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေး၊ တန်းတူ အခွင့်အရေး ရှိသော ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် ဒုတိယပင်လုံ(ခေါ်)၂၁ရာစု ပင်လုံ သဘောတူညီမှု ပေါ်ထွန်းသည်အထိ တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း စသည့်အချက်များ ပါရှိပါသည်။ ထို့နောက် ဧည့်သည်တော် မစ္စတာဝါတာနဘေး ခေါ် ဆရာဦးရွှေဘနှင့် မစ္စတာ ခုမခိရိ တခု တို့မှ ချင်းတိုင်းရင်းသားများ အရေးနှင့် ပတ်သက်၍ ဆွေးနွေး ပြောကြားခဲ့ကြပါသည်။ အထူးအစီအစဉ် အနေဖြင့် ချင်းတိုင်းရင်းသားများ အဖွဲ့အစည်း(ဂျပန်)မှ ဂုဏ်ပြုလွှာသည့် အစီအစဉ်များကို ပြုလုပ်ခဲ့ပါသည်။

ဆက်လက်ပြီး ရိုးရာယဉ်ကျေးမှု တေးဂီတ တင်ဆက်ဖျော်ဖြေခြင်း၊ ချင်းရိုးရာ ဝတ်စားဆင်ယင်မှု ပြသခြင်း အစီအစဉ်များကို ပြုလုပ်ခဲ့ပြီး တက်ရောက်လာသော ပရိသတ်များနှင့်အတူ ချင်းရိုးရာ စုပေါင်းအကဖြင့် ညကိုးနာရီတွင် အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။

သတင်းမှတ်တမ်း။ ။Salai Kyaw Thein Aung
မှတ်တမ်းဓါတ်ပုံ။ Lian Khan SuM

Saturday, February 19, 2011

ဖိတ်ကြားအပ်ပါသည် ( 63rd Anniversary of Chin National Day)


သို့
 အဖွဲ့အစည်းအားလုံး၊ ဂျပန်နိုင်င်ငံရောက် မြန်မာနိုင်ငံသားများ
ကျွန်တော်များ ဂျပန်နိုင်ငံရောက် ချင်းတိုင်းရင်းသားများသည် ချင်းအမျိုးသားနေ့အခမ်းအနားကို  နှစ်စဉ်ကျင်းပလာခဲ့ကြရာ ယခု ၂၀၁၁ ခုနှစ်တွင်၊ (၆၃) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကို (၁၃) ကြိမ်မြောက်အဖြစ် ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ကျင်းပကြမည်ဖြစ်ပါသဖြင့် ကြွရောက်အားပေးကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်၊
နေ့ရက် -  ၂၀  ဖေဖေါ်ဝါရီ၊ ၂၀၁၁
အချိန် -  ၁၈း၀၀ - ၂၁း၀၀ နာရီ
နေရာ - ရှီနာဂါဝါ ခု၊ နိရှိရှီနာဂါဝါ  ၁-၂၈- ၃
  ရှိနာဂါဝါ  ကိုရိဆု ချိုးရှော ကိဂိယောစင်တာ 
   တိုကျို အောအိမချိလိုင်း၊ ရှိမို ရှင်မဲန်း ဘူတာ မှ ၂ မိနစ်လမ်းလျှောက်
PS; အသေးစိတ်ကို attach file ဖြင့်ကြည့်ပါရန်
       Please find  the Attached  file


Best regard,
                           Cing Hau Lun
      ( General Secretary)
             Chin National Community - Japan
cell; 080 5404 6600, email; chaulun88@yahoo.com 
__._,_.___


Sunday, February 13, 2011

၂၀၁၁ ခုနှစ် ဖေဖေါ်ဝါရီလ(၁၃)ရက်။

၂၀၁၁ ခုနှစ် ဖေဖေါ်ဝါရီလ(၁၃)ရက်။



(၆၄)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနားကို ဂျပန်နိုင်ငံ တိုကျိုမြို့ Minami Otsuka,Hall တွင် ယနေ့ ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့ မွန်းလွဲ ၁း၀၀ နာရီ မှ စတင်၍ ဂျပန်နိုင်ငံရှိ ညီညွတ်သောတိုင်းရင်းသားများ အဖွဲ့အစည်း(ဂျပန်) AUN-Japan မှ ဦးစီး ကျင်းပပြုလုပ်ခဲ့ပါသည်

အဆိုပါ အခမ်းအနားတွင် အပိုင်း ၂ပိုင်းခွဲကာ ကျင်းပပြုလုပ်ပြီး ပထမပိုင်းအစီအစဉ်တွင် ပင်လုံစိတ်ဓါတ် ပြည်ထောင်စုစိတ်ဓါတ် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေး ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံပေါ်ပေါက်ရေး စသည့် အကြောင်းအရာတို့ကို တက်ရောက် လာကြသည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ)၏ နာယက တဦးဖြစ်သူ အထူး ဧည်သည်တော် ဦးခင်မောင်ကြည်(အဝေးရောက် သံတမန်တဦး)နှင့် ဂျပန်နိုင်ငံရှိ ဒီမိုကရေစီ အင်အားစုများ၏ ကိုယ်စားလှယ် ခေါင်းဆောင်များ ၊ ဧည့်သည်တော်များတို့မှ နိုင်ငံရေး အနှစ်သာရရှိရှိ အကျယ်တ၀င့် ဆွေးနွေးသွားခဲ့ကြပါသည်။

မြန်မာ့ ဒီမိုကရေစီရေးကို ထောက်ခံ အားပေးနေသော ဂျပန်အမတ် သမဂ္ဂ(GIREN)၏ အထွေထွေ အတွင်းရေးမှူး ဖြစ်သူ အထက်လွတ်တော် အမတ် (ဂျပန် ဒီမိုကရက်တစ်ပါတီ) Mr.Azuma KONNO မှ ဒီမိုကရေစီ စနစ်နဲ့ ပြည်ထောင်စနစ် ဆိုတာလည်း မရသေးသကဲ့သို့ တိုင်းရင်းသား လူမျိုးစုတွေရဲ့ အခွင့်အရေး များလဲ ဆုံရှုံး နေရဆဲဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးအတွက် ကမ္ဘာ့ အသိုင်း အ ၀ိုင်း များနှင့်အတူ လက်တွဲပြီး ဆက်လက် ဆောင်ရွက်သွားကြရန် တိုက်တွန်းသည့် သ၀ဏ်လွှာ တစောင် ပေးပို့ခဲ့ပါသည်။

အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ (၆၄)နှစ်မြောက် ပြည်ထောင်စုနေ့တွင် ပေးပို့သည့် ရုပ်သံ အမှာစကားထဲမှ ကောက်နုတ်ချက် တချို့
" ကျမတို့အားလုံး ဒုတိယပင်လုံ(ခ) ၂၁ ရာစုပင်လုံကို ဦးတည်တယ်ဆိုတာဟာ အခုခေတ်အခါနဲ့ ကိုက်ညီတဲ့ စိတ်ဓါတ်တွေ လုပ်ရည်ကိုင်ရည်တွေ အရည်အချင်းတွေနဲ့ ကျမတို့ရဲ့ ပြည်ထောင်စု စိတ်ဓါတ်ကို ခိုင်မာအောင်လို့ လုပ်ဖို့ ကြိုးစားခြင်းဘဲ ဖြစ်တယ်။ ဒါကို ဘယ်သူကမှ အထင်မလွဲစေချင်ဘူး ကျမတို့ကို တခါတလေ ကျလို့ရှိရင် တချို့အဖွဲ့အစည်းတွေ တချို့လူပုဂ္ဂိုလ်တွေ ဒုတိယပင်လုံ(ခ) ၂၁ ရာစုပင်လုံကို ဦးတည်တယ် ဆိုတာဟာတမင် ပြဿနာရှာတယ်လို့ ထင်တဲ့လူတွေ လည်းရှိတယ် ဒါ အန္တရာယ်ရှိတယ်လို့ ထင်တဲ့ သူတွေလည်းရှိတယ် ကျမတို့ဟာ ပြဿနာရှာတာ မဟုတ်ဘူး ကျမတို့ ညီညွတ်မှုကို ရှာတာပါ ကျမတို့ ပြည်ထောင်စုအတွင်း ညီညွတ်မှုကို ရှာတာပါ ဘာအန္တရာယ်မှလည်း မရှိပါဘူး မှန်မှန်ကန်ကန် စဉ်းစားပြီးတော့ လုပ်သွားမယ်ဆိုလို့ရှိရင် အန္တရာယ်မရှိတဲ့အပြင် ကျမတို့အတွက် အင်မတန်မှ ကောင်းတဲ့ရလဒ်တွေ ပေါ်နိုင်စရာရှိပါတယ် ဒါကြောင့်မို့လို့ ကျမအနေနဲ့ မြန်မာနိုင်ငံက တိုင်းရင်းသားအားလုံးကို သတ္တိရှိရှိ စိတ်ထားမှန်မှန် ဇွဲကောင်းကောင်းနဲ့ ကျမတို့ရဲ့ ပြည်ထောင်စု စိတ်ဓါတ်ကြီး မပျိုမလဲနိုင်တဲ့အထိ ခိုင်မာအောင်လို့ ၀ိုင်းဝန်း ကြိုးစားပေးကြပါလို့ မေတ္တာရပ်ခံ ပြောကြားသွားပါတယ် "

ဒုတိယပိုင်း အခမ်းအနား အစီအစဉ်မှာ ဂျပန်နိုင်ငံရောက် ပြည်ထောင်စုဘွား တိုင်းရင်းသား ရိုးရာ ယဉ်ကျေးမှု အက ပဒေသာများဖြင့် ဖျော်ဖြေတင်ဆက် သွားခဲ့ကြပါသည်။ (၆၄) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားမှ ထုတ်ပြန်ကြေညာချက် တစ်စောင်ကို ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ  ။ Lian Khan Suum

Source Click Here