
ဇန်န၀ါရီလ (၁၂)ရက်နေ့က ငလျင်ဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရသည့် ဟေတီနိုင်ငံသို့ အစ္စလာမ် လူမှုရေး အဖွဲ့အစည်းများက အကူအညီ အထောက်အပံ့များ အလျင်အမြန် ပေးပို့လိုက်ပြီဖြစ်ကြောင်း သိရသည်။ “တကယ်ဆိုးတဲ့ ငလျင်ကြီးပါ။ ဟေတီရဲ့ အရှိန် အဟုန် နဲ့ အားယူနေတဲ့ အခြေအနေမှာ ဒီငလျင်ကြီး လှုပ်သွားတာတော့ အရမ်းရက်စက်တဲ့ ရိုက်ချက်ပါပဲ”ဟု အစ္စလာမ် ထောက်ပံ့ရေး အဖွဲ့မှ CEOဟာမစ်အဇက်က ပြောကြားခဲ့သည်။ “လောလောဆယ် ဟေတီပြည်သူတွေဟာ အရေးပေါ် အကူအညီတွေ၊ အထောက် အပံ့တွေ လိုနေတယ်ဆိုတာ အထင်အရှားပဲလေ။ သူတို့ရဲ့ အခြေခံ လိုအပ်ချက်ကို ကျွန်တော်တို့ တတ်နိုင်သလောက် ကူညီဖြည့်ဆည်း သွားမှာပါ”ဟု အဇစ်က အဖွဲ့၏ တရားဝင် ၀က်ဘ် ဆိုက်မှတဆင့် ပြောကြားသွားသည်။ ယခုအခါ အစ္စလာမ် အဖွဲ့အစည်းများသည် စုပေါင်း ကောက်ခံမှု ရံပုံငွေ ပေါင်စတာလင် (၂၅၀၀၀၀)ကို ဟေတီရှိ ဒုက္ခသည်များကို ကူညီ ထောက်ပံ့ရန် ပေးပို့လိုက်ပြီဖြစ်သည်။ “ဟေတီ ပြည်သူတွေရဲ့ ခြောက်ခြားစရာ ဘေးဒုက္ခ ဆိုးကြီးအတွက် ကျွန်တော်တို့အားလုံး နက်နက်ရှိုင်းရှိုင်း ကြေကွဲကိုယ်ချင်းစာမိ တယ်ဆိုတာ ပြောချင်ပါတယ်။ နောက်ပြီးတော့ သူတို့ကို ကူညီဖို့ ရက်ရောတဲ့ အစ္စလာမ် အလှူရှင် တွေကိုလည်း ဖိတ်ခေါ်ချင်ပါတယ်”ဟု အဇစ်က ပြောကြား ခဲ့သည်။ ဟေတီနိုင်ငံ၊ ပို့တ်ဒူပရင့်စ်တွင် လှုပ်ရှားသွားသော ငလျင်ကြီးမှာ ပြင်းအားအဆင့် (၇)ရှိပြီး မြို့တော်၏ (၈၀)ရာခိုင်နှုန်းကို ပြားပြားဝပ်အောင် ဖျက်စီးချေမွှလိုက်သည်။ နေအိမ်များ၊ ကျောင်းများ၊ ဆေးရုံများ၊ ဟိုတယ်များအပြင် သမ္မတ နန်း တော်ကြီးပါ ပြိုကျပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပြီး ငလျင်ဒဏ်ကို လူပေါင်း(၃)သန်းမျှ အလူးအလဲ ခံစားခဲ့ရသည်။ ဟေတီသည် အနောက် ကမ္ဘာတွင် အဆင်းရဲဆုံးနိုင်ငံတစ်ခုလည်းဖြစ်သည်။ ဟေတီနိုင်ငံ လူဦးရေ (၉)သန်းအနက် (၈၀)ရာခိုင်နှုန်းမျှသည် အလွန်ဆင်းရဲသော အခြေအနေတွင် ရှိနေသည်။ နှစ်ပေါင်း(၂၀၀)ကျော် ကာလအတွင်း အဆိုးရွားဆုံး ကြုံရသည့် ငလျင်ကြီးအတွင်း ဟေတီလူဦးရေ (၁၀၀၀၀၀)မျှ သေဆုံးနိုင်ကြောင်း ကယ်ဆယ်ရေးများက ခန့်မှန်းထားသည်။ ဟေတီတွင် ငလျင်လှုပ်ခတ်ပြီးနောက် ကမ္ဘာ့ကြက်ခြေနီ အဖွဲ့က ဒေါ်လာ(၁၀)သန်း ပေးပို့လှူဒါန်းခဲ့သလို၊ ကမ္ဘာ့စားနပ်ရိက္ခာပရိုဂရမ် အဖွဲ့ကြီးက အစားအသောက် တန်ချိန်(၁၅၀၀၀)ကို ပေး ပို့ခဲ့သည်။ အမေရိကန်၊ ကနေဒါနှင့် အခြားကမ္ဘာ့နိုင်ငံ အသီးသီးကလည်း ကယ်ဆယ်ရေးတပ်ဖွဲ့များ၊ စစ်တပ်များ၊ စစ်သင်္ဘောများ၊ စားနပ်ရိက္ခာနှင့် ငွေကြေးအထောက်အပံ့များ ပေးပို့ခဲ့သည်။ အခြားသော နိုင်ငံအများစုက အကူအညီ အထောက်အပံ့များ ပေးပို့နေသလို အစ္စလာမ် လူမှုရေး အဖွဲ့အစည်းများသည်လည်း တတ်စွမ်းသမျှ အလှူဒါနများ ပြုလုပ်လျက်ရှိသည်။ Islamic Relief USAအဖွဲ့က ငလျင် ဒဏ်ခံ ဒေသများအတွက် ဒေါ်လာ(၁)သန်း မတည်လှူဒါန်းခဲ့ပြီး အခြားသော ထောက်ပံ့ရေး ပစ္စည်းများကိုလည်း ပေးပို့သွားနိုင်ရန် လက် တွဲဆောင်ရွက်မည့် အဖွဲ့များကို ဆက်သွယ်ရှာဖွေနေကြောင်း သတင်းရရှိသည်။