Friday, January 14, 2011

Fwd: တပ်ချုပ်ကြီး သန်းရွှေ၏ လူရင်း ဦးအောင်သောင်း၏သား ဦးနေအောင် ပိုင်ဆိုင်သည့် IGE ကုမ္ပဏီ မှ တရုတ် ဓာတ်ငွေ့ပိုက်လိုင်း သယ်ယူရေးကန်ထရိုက်ရ.....


ဂီရိသင့်ဒေသသို့ ဒေါ်လာတသန်းခွဲ အမေရိကန် ကူညီ ................

by San Maung on Wednesday, January 12, 2011 at 7:24am

အမေရိကန်၏ ယခုအကူအညီမှာ ဂီရိသင့်ဒေသအတွက် ဒုတိယမြောက်ဖြစ်ပြီး၊ ယခင်က အရေးပေါ် အကူအညီအဖြစ် ဒေသခံ လူမှုကယ်ရေးအဖွဲ့များမှတဆင့် ဒေါ်လာသုံးသိန်း လှူဒါန်းခဲ့သေးသည်။

ရခိုင်ပြည်နယ်အတွင်း ဂီရိမုန်တိုင်းသင့် ဒေသများ စားနပ်ရိက္ခာအတွက် အမေရိကန်အစိုးရက ဒေါ်လာတသန်းခွဲဖိုး ကူညီမည်ဟု ရန်ကုန်ရှိ အမေရိကန်သံရုံးက ယနေ့ ထုတ်ပြန်ကြေညာသည်။ 

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်း တိုက်ခတ်ခဲ့သော ဂီရိဆိုင်ကလုန်းမုန်တိုင်းသင့် ဒေသခံများအတွက် စားနပ်ရိက္ခာ ဝယ်ယူရန် ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ် WFP သို့ အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးဌာန USAID က ဒေါ်လာတသန်းခွဲအား ပေးအပ်မှာဖြစ်သည်ဟု ဆိုသည်။

ဤသည်မှာ ဂီရိသင့်ဒေသ အရေးပေါ် အကူအညီအတွက် ၄၅ ရာခိုင်နှုန်း ပေးနိုင်သေးပြီး ပြန်လည် ထူထောင်ရေးအတွက် ကန်ဒေါ်လာ ၃၇ သန်းခန့် လိုအပ်ကြောင်းနှင့် လူနှစ်သိန်းကျော်အတွက် စားနပ်ရိက္ခာများ လိုအပ်သေးကြောင်း ပြီးခဲ့သည့်လ ၂ဝ ရက်နေ့ထုတ် ရန်ကုန် ကုလသမဂ္ဂ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ UN-OCHA ၏ အစီရင်ခံစာ ထုတ်ပြန်ပြီးနောက် ပထမဆုံး နိုင်ငံရပ်ခြား အကူအညီ ဖြစ်သည်။

အမေရိကန်၏ ယခုအကူအညီမှာ ဂီရိသင့်ဒေသအတွက် ဒုတိယမြောက်ဖြစ်ပြီး၊ ယခင်က အရေးပေါ် အကူအညီအဖြစ် ဒေသခံ လူမှုကယ်ရေးအဖွဲ့များမှတဆင့် ဒေါ်လာသုံးသိန်း လှူဒါန်းခဲ့သေးသည်။

"ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်။ ယူအဲန်အဖွဲ့အစည်းတွေအပြင် နိုင်ငံတကာ မိသားစု၊ အများအားဖြင့် ဥရောပ နိုင်ငံတွေနဲ့ လက်တင်အမေရိက နိုင်ငံတွေက ဝိုင်းဝန်းကူညီပေးတာကို ကျနော်တို့ ဝမ်းသာပါတယ်" ဟု ၂ဝ၁ဝ ရွေးကောက်ပွဲဝင် ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ RNDP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး "ကျပ်သန်း ထောင့်နှစ်ရာလောက် ရှိမှာပေါ့။ ဆန်အိတ်တအိတ်က တသောင်းတထောင်လောက် ရှိသွားပြီ။ သုံးလလောက် လုံလောက်မှု ရှိမှာပါ။ မိသားစုတစုကို တအိတ်လောက် ပေးရင်လေ။ ကျနော် အကြမ်းတွက်ကြည့်တာပါ။ စားနပ်ရိက္ခာဆိုတာကတော့ သက်သာရေးအတွက်ပဲ ဖြစ်မှာပါ။ ပြန်လည်ထူထောင်ရေး အတွက်ဆို အများကြီးလိုဦးမှာပါ" ဟု ဆိုသည်။

ကျောက်ဖြူမြို့နယ် ဒေသခံတဦးကလည်း "ပျက်စီးသွားတဲ့ နေရာမှာ ဆုံးရှုံးမှုတွေကို အစားထိုးပြီးတော့ ကူညီပေးတာတွေ ကျနော်တို့ ဒီနေ့ မတွေ့ရသေးပါဘူး။ ဆန်အိတ်လေးနဲ့၊ ဆီလေးနဲ့ အတိုအထွာလေးတွေ နည်းနည်းပါးပါး ဝေကြတယ်။ အဲဒါ ပရဟိတအသင်းတွေ၊ ကယ်ဆယ်ရေးအဖွဲ့တွေက။ ဒီမှာ UN က WFP ဆိုပြီးတော့လည်း ကျနော်တို့ ကားတွေ ဘာတွေနဲ့ သွားနေလာနေတာတော့ တွေ့ပါတယ်။ ပြန်လည် ထူထောင်တာတော့ ကျနော်တို့ မတွေ့ရသလောက်ပါဘဲ" ဟု မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့်လ ၁၃ ရက်နေ့တွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ CRPP နှင့် ၂ဝ၁ဝ ရွေးကောက်ပွဲဝင် တသီးပုဂ္ဂလ ကိုယ်စားလှယ်များ စုပေါင်းပြီး ငွေကျပ် သိန်း ၁၅ဝ ခန့်အား မုန်တိုင်းသင့်ဒေသများသို့ သွားရောက်လှူဒါန်းခဲ့သေးသည်။ 

၂၈ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်၊ ဝါရင့်နိုင်ငံရေးသမားကြီးများ၊ CRPP အဖွဲ့ဝင်များ၊ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအချို့၊ ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) နှင့် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ ခေါင်းဆောင်များက ဂီရိသင့် ဒေသများအတွက် အကူအညီများ ပေးအပ်ရန် ပန်ကြားလွှာတစောင်ကို နိုင်ငံအသီးသီးသို့ ပေးပို့ခဲ့သေးသည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၂၂ ရက်နေ့တွင် ဂီရိမုန်တိုင်းကြောင့် ရခိုင်ပြည်နယ် ကျောက်ဖြူ၊ မြေပုံ၊ မင်းပြားနှင့် ပေါက်တော မြို့နယ်များတွင် ဆိုးရွားစွာ ထိခိုက်ခဲ့ပြီး အနည်းဆုံး လူ ၄၅ ဦး သေကြေပျောက်ဆုံးကာ လူ ၁ သိန်းကျော် အိုးအိမ်မဲ့ ဖြစ်ခဲ့ရသည်ဟု အစိုးရနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများက ထုတ်ပြန်ခဲ့သည်။

ကိုပေါက်

နယူးဒေလီ (မဇ္ဈိမ) ။      ။


အမေရိကန် ဆီးနိတ်အဖွဲ့ဝင်များ မဖြူဖြူသင်း၏ HIV/AIDS ဂေဟာသို့ လာရောက်လေ့လာ ...............

by San Maung on Wednesday, January 12, 2011 at 7:58am

အမေရိကန် ဆီးနိတ်အဖွဲ့ဝင် Mr Paul Gorve နှင့်အဖွဲ့ဝင်များ တောင်ဒဂုံရှိ မဖြူဖြူသင်း တာဝန်ယူ ဆောင်ရွက်နေသည့် HIV/AIDS ဝေဒနာရှင်များ စောင့်ရှောက်ရေးဂေဟာသို့ လာရောက်လေ့လာခဲ့ကြောင်း သိရှိရပါသည်။ ယနေ့ နံနက် (  11 January 2011) ၈နာရီခွဲခန့်က တောင်ဒဂုံ၁၈ရပ်ကွက်ရှိ မဖြူဖြူသင်း တာဝန်ယူ ဆောင်ရွက်နေသည့် HIV/AIDS ဝေဒနာရှင်များ စောင့်ရှောက်ရေးဂေဟာသို့ အမေရိကန် ဆီးနိတ်အဖွဲ့ဝင် Mr. Paul Grove နှင့် ရန်ကုန်မြို့ အမေရိကန်သံရုံးယာယီတာဝန်ခံ Mr Dinger သံရုံးအတွင်းဝန် Mrs.Jeniffer တို့ လာရောက်ခဲ့ကြပါတယ်။

အဆိုပါတွေ့ဆုံပွဲတွင် HIV/AIDS Prevention and Care တာဝန်ခံ မဖြူဖြူသင်းနှင့် ကိုရာဇာတို့မှ ဦးဆောင်သည့်အဖွဲ့မှ လက်ခံတွေ့ဆုံကာ အဖွဲ့မှ လုပ်ဆောင်လျှက်ရှိသော အခြေအနေများနှင့် ရင်ဆိုင်နေရသော အခက်အခဲများကို ဆွေးနွေးခဲ့ပြီး Senate အဖွဲ့ဝင် Mr Paul Gorve နှင့် အဖွဲ့မှ သိလိုသည်များကို မေးမြန်းခဲ့ပါသည်။ ဆွေးနွေးပွဲအား မနက် ၈နာရီခွဲမှ ၉နာရီခွဲအထိ တွေ့ဆုံဆွေးနွေးခဲ့ပြီး လူနာများအား လိုက်လံကြည့်ရှူ အားပေးစကား ပြောကြားခဲ့ပါသည်။ ဆီးနိတ်အဖွဲ့ဝင် Mr.Paul Grove မှ ယခုဆွေးနွေးပွဲမှ ရရှိသည့် အချက်အလက်များအား အမေရိကန်နိုင်ငံသို့ ပြန်လည် ရောက်ရှိသည့်အခါ၌ ကော်မတီိသို့ အစီရင်ခံ တင်ပြသွားမှာဖြစ်ကြောင်း မည်သို့ ကိုင်တွယ်ဆောင်ရွက် မည်ဆိုသည်ကို ကော်မတီမှ ဆုံးဖြတ်ပါမည်ဟု ပြောဆိုသွားခဲ့ပြီး မနက်၉ခွဲခန့်မှာ အဆိုပါဂေဟာမှ ပြန်လည် ထွက်ခွာသွားခဲ့ပါသည်။

http://www.humanright-myanmar.com/



လွှတ်တော်သစ် ခေါ်ပေမဲ့ အာဏာဖွဲ့စည်းမှုပုံစံ မပြောင်း ..................

by San Maung on Wednesday, January 12, 2011 at 7:29am

နှစ် ၂၀ ကျော်အတွင်း ရွေးကောက်တင်မြှောက်ပြီး တက်လာတဲ့ လွှတ်တော်သစ်၊ အစိုးရသစ် ပေါ်လာမှာမို့ အရင် စစ်တပ်က စစ်အုပ်ချုပ်ရေး ပုံစံကတော့ ကုန်လွန်သွားပြီလို့ ယေဘုယျသဘော ကြည့်နိုင်ပါတယ်။ ဒါပေမဲ့လည်း အခုလွှတ်တော်အတွင်းမှာ ဖွဲ့စည်းပုံအရ စစ်တပ်က ၂၅% အလိုအလျောက် ပါဝင်သလို အနိုင်ရ ပါတီကလည်း စစ်တပ်က ကျောထောက်နောက်ခံ ပေးထားတဲ့ ကြံ့ခိုင်ရေးပါတီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ နှစ်၂၀ ကျော်အတွင်း ပထမဆုံးအကြိမ် လွှတ်တော်ခေါ်ယူ ကျင်းပမှာမို့ ၂၀၁၁ အတွင်းမှာ လွှတ်တော်အသစ်၊ အစိုးရသစ်တွေ ပေါ်ပေါက်လာတော့မှာပါ။ မလွှဲမရှောင်သာတဲ့ အပြောင်းအလဲအချို့ ရှိလာမှာ ဖြစ်ပေမဲ့ သိပ်တော့ မျှော်လင့်လို့ မရသေးဘူးလို့ အမေရိကန်ပြည်ထောင်စုက မြန်မာ့အရေး အကဲခတ်တွေက သုံးသပ်ပါတယ်။

 

၂၁ ရာစု တော်ဝင် လွှတ်တော်.....

အစိုးရသစ်၊ လွှတ်တော်သစ်ကနေ မြန်မာ့နိုင်ငံရေးအတွက် ထူးထူးခြားခြား တိုးတက်ပြောင်းလဲမှုတွေ မလုပ်နိုင်ရင်တော့ အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံအပေါ် မူဝါဒ သဘောထားတွေ ပြောင်းလဲစရာ လမ်းမမြင်ဘူးလို့လည်း သုံးသပ်ပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

၂၀၁၀ ရွေးကောက်ပွဲအလွန် ၂၀၁၁ ခုနှစ်အတွင်းမှာ လွှတ်တော်အသစ်၊ အစိုးရသစ်နဲ့ မြန်မာ့နိုင်ငံရေး ဇာတ်ခုံမှာ ဇာတ်ကောင်သစ်တွေ ပေါ်လာနိုင်တယ်လို့ အမေရိကန်ပြည်ထောင်စုက သုံးသပ်ခဲ့ပြီးသားပါ။ ထူးခြားတာကတော့ အခု လာမယ့် လွှတ်တော်မှာ လူနည်းစု လူမျိုးစု နိုင်ငံရေးပါတီက ကိုယ်စားလှယ်တွေ ပါဝင်လာတာ ဖြစ်တယ်လို့ မြန်မာ့အရေး လေ့လာသူ ပါမောက္ခ ဒေးဗစ် စတိုင်းဘာ့ဂ် (David Steinberg) က ပြောပါတယ်။

"အာဏာဖွဲ့စည်းပုံကတော့ ပြောင်းမယ့်ပုံ မရှိပါဘူး။ ဒါပေမဲ့ စိတ်ဝင်စားစရာ အခြေအနေ တချို့တော့ ရှိပါတယ်။ မြန်မာနိုင်ငံသမိုင်းမှာ တခါမှ မကြုံခဲ့ဘူးတဲ့ အခြေအနေမို့ပါ။ လူနည်းစု လူမျိုးစုတွေ လွှတ်တော်ထဲမှာ ပါဝင်လာကြပါတယ်။"

အခုလာမယ့် လွှတ်တော်အတွင်း စစ်တပ်က အများစု ဖြစ်ပေမဲ့ အရပ်သား နိုင်ငံရေးသမားတွေလည်း ပါဝင်တာမို့ အစိုးရဖွဲ့လာရင် အရပ်သား ၀န်ကြီးတွေလည်း တွေ့လာရနိုင်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ပြည်ထောင်စု သံရုံးတာဝန်ခံ လုပ်ခဲ့သူ ပရက်စ်စီလာ ကလပ်ပ် (Priscilla Clapp) က ပြောပါတယ်။

"မလွှဲမရှောင်သာတဲ့ ပြောင်းလဲမှုတွေတော့ ရှိလာမှာပါ။ ဒီအပြောင်းအလဲတွေဟာ မှန်ကန်တဲ့ဘက်ကိုလား ဆိုတဲ့ မေးခွန်းပဲ ရှိပါတယ်။ အခုဟာက အစိုးရဖွဲ့စည်းမှု ပုံစံအသစ်ပါ။ ခေါင်းဆောင် အတော်များများက စစ်ထွက်တွေ ဖြစ်ကြပေမဲ့လို့ အစိုးရဖွဲ့စည်းမှု ပုံစံအသစ် ဖြစ်လာပါမယ်။ ဒါကြောင့် အပြောင်းအလဲ တစုံတရာ ရှိမယ်လို့ မှန်းတာပါ။ လူသစ်တွေ ပေါ်လာပါလိမ့်မယ်။ အရင်တုန်းကလို စစ်တပ်က ၀န်ကြီးတွေချည်းပဲ မဟုတ်တော့ဘဲ အရပ်သား ၀န်ကြီးအချို့လည်း ရှိလာနိုင်ပါတယ်။"

 

ခေတ်သစ် မြန်မာ့လွှတ်တော်

တိုးတက်ပြောင်းလဲမှုတွေ ရှိမရှိ ဆိုတာဟာ လက်ရှိ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ လာမယ့် အစိုးရအဖွဲ့နဲ့ ဘယ်လောက် ပတ်သက်နေဦးမလဲ ဆိုတဲ့အပေါ်မှာ အဓိက တည်တယ်လို့လည်း ပရက်စ်စီလာ ကလပ်ပ်က ပြောပါတယ်။

"တိုင်းပြည်အတွက် အပြုသဘော တိုးတက်ပြောင်းလဲမှုတွေ ရှိလာရင်တော့ အတော်ကောင်းမှာပါ။ ဒါပေမဲ့လို့ သိပ်တော့ မမျှော်လင့်ပါဘူး။ အဓိက အချက်ကတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အခန်းကဏ္ဍပါပဲ။ အခုလာမယ့် အစိုးရသစ်မှာ သူ ဘယ်လိုကဏ္ဍမျိုးက ရှိနေမလဲဆိုတာ ကြည့်ရပါမယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ အခုလာမယ့် အစိုးရ အဖွဲ့သစ်မှာ မပါဘူး၊ မပတ်သက်တော့ဘူး ဆိုရင်တော့ အပြောင်းအလဲ အတော်များများ ရှိလာနိုင်ပါတယ်။"

အမေရိကန်ပြည်ထောင်စု အနေနဲ့ကတော့ လာမယ့် မြန်မာ့နိုင်ငံရေး ဇာတ်ခုံပေါ် ဇာတ်ကောင်သစ်တွေနဲ့လည်း အရင်လိုပဲ တိုက်ရိုက်ထိစပ် ဆက်ဆံသွားရမှာပဲလို့ နိုင်ငံခြားရေးဌာနက ပြောခဲ့ပါတယ်။ ဒါပေမဲ့လည်း အမေရိကန်ပြည်ထောင်စုဘက်က မူဝါဒ အပြောင်းအလဲဟာ မြန်မာ့နိုင်ငံရေး ဖြစ်ပေါ်မှု အပေါ်မှာပဲ တည်တယ်လို့ ပရက်စ်စီလာ ကလပ်ပ်က ပြောပါတယ်။

"အမေရိကန်အစိုးရနဲ့ ဆက်ဆံရေးကတော့ အခုရှိနေတဲ့ ပုံစံအတိုင်းပဲ ရှိပါဦးမယ်။ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲကို စစ်အစိုးရက ကိုင်တွယ်ဆောင်ရွက်တဲ့ အပေါ်မှာ အတော်လေး စိတ်ပျက်ခဲ့ပါတယ်။ လက်ခံနိုင်လောက်အောင် လွတ်လပ်မျှတမှု မရှိခဲ့ပါဘူး။ လာမယ့် အစိုးရသစ်မှာ ဘယ်သူတွေ ပါဝင်မလဲ၊ စီးပွားရေး၊ နိုင်ငံရေး ပြောင်းလဲမှုတွေ ဘယ်လောက် လုပ်နိုင်မလဲဆိုတဲ့ အပေါ်မှာပဲ အမေရိကန်ပြည်ထောင်စုရဲ့ ဆက်ဆံရေး အပြောင်းအလဲ ရှိပါလိမ့်မယ်။"

နှစ် ၂၀ ကျော်အတွင်း ရွေးကောက်တင်မြှောက်ပြီး တက်လာတဲ့ လွှတ်တော်သစ်၊ အစိုးရသစ် ပေါ်လာမှာမို့ အရင် စစ်တပ်က စစ်အုပ်ချုပ်ရေး ပုံစံကတော့ ကုန်လွန်သွားပြီလို့ ယေဘုယျသဘော ကြည့်နိုင်ပါတယ်။ ဒါပေမဲ့လည်း အခုလွှတ်တော်အတွင်းမှာ ဖွဲ့စည်းပုံအရ စစ်တပ်က ၂၅% အလိုအလျောက် ပါဝင်သလို အနိုင်ရ ပါတီကလည်း စစ်တပ်က ကျောထောက်နောက်ခံ ပေးထားတဲ့ ကြံ့ခိုင်ရေးပါတီ ဖြစ်ပါတယ်။

တိုင်းရင်းသား နိုင်ငံရေး ပါတီတွေ အနိုင်ရတယ် ဆိုပေမဲ့ အများစု အနိုင်ရတာက တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေမှာပါ။ အရေးကြီးတဲ့ မူဝါဒတွေ၊ ဥပဒေကြမ်းတွေကို ဆွေးနွေး အတည်ပြုပေးရမယ့် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်မှာ ကြံ့ခိုင်ရေးပါတီက အများစုကို တဖက်သတ် လွှမ်းမိုးထားပါတယ်။ ဒါကြောင့် အစိုးရ ဖွဲ့စည်းမှုသစ်ပုံစံ ပြောင်းသွားတယ် ဆိုပေမဲ့ တကယ်တမ်း နိုင်ငံရေးနဲ့ စီးပွားရေး မူဝါဒပိုင်း၊ အတိုက်အခံတွေအပေါ် ထားတဲ့ အစိုးရရဲ့ သဘောထား ပြောင်းလဲပါ့မလား အများကတော့ သံသယ ရှိနေကြတုန်း ဖြစ်ပါတယ်။

By ဦးသားညွန့်ဦး

VOA

သန်းရွှေ၏ လူရင်း ဦးအောင်သောင်း၏သား ဦးနေအောင် ပိုင်ဆိုင်သည့် IGE ကုမ္ပဏီ မှ တရုတ် ဓာတ်ငွေ့ပိုက်လိုင်း သယ်ယူရေးကန်ထရိုက်ရ

by San Maung on Wednesday, January 12, 2011 at 7:36am

ရခိုင်ကမ်းလွန်မှ တရုတ်ပြည်သို့ သွယ်တန်းမည့် ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းအတွက် လိုအပ်သည့်ပိုက်များ သယ်ယူရေး လုပ်ငန်းကို အမှတ် (၁) စက်မှုဝန်ကြီး ဦးအောင်သောင်း၏သား ဦးနေအောင် ပိုင်ဆိုင်သည့် IGE ကုမ္ပဏီလီမိတက်မှ လုပ်ပိုင်ခွင့် ရရှိသွားသည်။ 

အဆိုပါ ဓာတ်ငွေ့ပိုက်လိုင်းများ သယ်ယူရေးလုပ်ငန်းကို လုပ်ကိုင်နိုင်ရန် စစ်အစိုးရနှင့် နီးစပ်သည့် ကုမ္ပဏီများ ဖြစ်သော အေး ရှား ဝေါလ် ကုမ္ပဏီ၊ မက်စ်မြန်မာ ကုမ္ပဏီတို့လည်း အပြိုင်အဆိုင် ကြိုးစားခဲ့ကြောင်း၊ သို့သော် IGE ကုမ္ပဏီမှ လုပ်ပိုင်ခွင့် ရရှိ သွားခြင်း ဖြစ်ကြောင်း စစ်အစိုးရ အသိုင်းအ၀န်းနှင့် နီးစပ်သည့် အမည်မဖော်လိုသူ စီးပွားရေးသမားတဦးက ဧရာဝတီသို့ ပြော သည်။

"တင်ဒါကတော့ အိတ်ပိတ် တင်ဒါစနစ်ပဲ။ ဒါပေမယ့် အထူးစီမံကိန်းဆိုတော့ အတွင်းရေးမှူး (၁) သီဟသူရ ဦးတင်အောင်မြင့်ဦး ကပဲ အဓိကဆုံးဖြတ်တယ်"ဟု ၎င်းက ဆိုသည်။

 

တရုတ်-မြန်မာ ဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းနေသည်ကို ပြီးခဲ့သည့် ၂၀၁၀ ခုနှစ် အောက်တိုဘာလအတွင်း က တွေ့မြင် ရစဉ် (ဓာတ်ပုံ - Xinhua)

ပိုက်လိုင်းများကို တရုတ်နိုင်ငံမှ တင်သွင်းမည်ဖြစ်ပြီး ယူနန်ပြည်နယ်မှ နယ်စပ်ဖြတ်ကျော်၍ လည်းကောင်း၊ ရန်ကုန်ဆိပ်ကမ်းမှ တဆင့်လည်းကောင်း သယ်ယူပြီး စီမံကိန်းနေရာများသို့ ပို့ဆောင်မည် ဖြစ်သည်ဟု အဆိုပါ စီးပွားရေးသမားက ပြောသည်။

IGE ကုမ္ပဏီသည် ၂၀၀၈ ခုနှစ်က သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေအားလျှပ်စစ်စီမံကိန်းအတွက် တရုတ်နိုင်ငံပိုင် Sinohydro ကော်ပိုရေးရှင်းနှင့် အမေရိကန်ဒေါ်လာ သန်း ၃၀ တန် စာချုပ်ချုပ်ခဲ့သေးသည်။

ထို့အပြင် MRC ကုမ္ပဏီအမည်ဖြင့် နေပြည်တော်တွင် ဆောက်လုပ်မည့် Safari ဥယျာဉ်ကိုလည်း တည်ဆောက်ခွင့် ရရှိထား သည်။

ဦးနေအောင်၏ ဖခင် ၀န်ကြီး ဦေးအာင်သောင်းမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ လူရင်းတဦးဖြစ်သည်ဟု လူအများပြောဆိုနေပြီး အစ်ကိုဖြစ်သူ ဗိုလ်မှူး ပြည်အောင်မှာ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး၏ သမီး ဒေါ်နန္ဒာအေး၏ ခင်ပွန်းဖြစ်သည်။ 

ဦးအောင်သောင်းကို ဖြစ်ပေါ်လာမည့် အစိုးရ အဖွဲ့အသစ်တွင် ဒု သမ္မတ သို့မဟုတ် လွှတ်တော် ဥက္ကဌ ဖြစ်လာမည်ဟု ခန့်မှန်း ပြောဆိုမှုများလည်း ရှိနေသည်။

ယခုအခါ ဦးနေအောင်သည် အောင်ရည်ဖြိုး၊ IGE, MRC, Amara Group စသည့် အမည်များဖြင့် ရွှေတူးဖော်ခြင်း၊ ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်းများ၊ သစ်ထုတ်လုပ်ခြင်းအပြင် ယူနိုက်တက် အမရ အမည်ဖြင့် ဘဏ်လုပ်ငန်း လုပ်ကိုင်သည့်အပြင် အမှတ်(၂) လျှပ် စစ်ဝန်ကြီးဌာနသို့ မဟာဓာတ်အားလိုင်းများတွင် အသုံးပြုသည့် အကြီးစား လျှပ်စစ် ကြိုးခွေများကို တင်သွင်း နေကြောင်း သိရသည်။

"ကိုနေအောင်က ၀န်ကြီးဌာနတိုင်းနဲ့အဆင်ပြေအောင် ဆက်ဆံနိုင်တယ်။ အောက်ခြေ၀န်ထမ်းအထိ ပေါင်းသင်းထားတော့ ၀န်ကြီးဌာနက လိုတဲ့ပစ္စည်းကို ၀န်ကြီးထက်တောင် သိသေးတယ်"ဟု အထက်ပါ စစ်အစိုးရ အသိုင်းအ၀ိုင်းနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်က ပြောပြသည်။

အောင်ရည်ဖြိုး ကုမ္ပဏီသည် အစိုးရ၀န်ကြီးဌာနများသို့ ဆောက်လုပ်ရေးလုပ်ငန်းသုံး သံချောင်းများ တင်သွင်းရန် ၁၉၉၈ ခုနှစ် တွင် ရန်ကုန်မြို့ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိ နှင်းဆီကုန်း ဘိုးဘွားရိပ်သာ အနီး၌ စတင်ဖွင့်လှစ်ခဲ့သည်။

ယခုအခါ နိုင်ငံအတွင်း အရေးပါသည့် တည်ဆောက်ရေး လုပ်ငန်းများနှင့် စီးပွားရေး လုပ်ငန်းကြီးများကို အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ကြီးဟောင်း သီဟသူရ ဦးတင်အောင်မြင့်ဦးက အဓိကချုပ်ကိုင်ထားပြီး ၎င်းနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်များကို လုပ်ပိုင်ခွင့်များ ချထားပေးလျက်ရှိကြောင်း သိရသည်။

အတွင်းရေးမှူး(၁) သည် ၎င်းနှင့် နီးစပ်သော ဘိန်းဘုရင် လော်စစ်ဟန်၏သား စတီဗင်လော ခေါ် ဦးထွန်းမြင့်နိုင် ပိုင်ဆိုင်သည့် အေးရှားဝေါလ် ကုမ္ပဏီကို ကချင်ပြည်နယ်တွင် တည်ဆောက်မည့် မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းနှင့် နိုင်ငံအတွင်းရှိ တခြား သော ရေအားလျှပ်စစ် စီမံကိန်းများနှင့် ရန်ကုန်ဆိပ်ကမ်း တည်ဆောက်ရေး လုပ်ငန်းများ၊ နိုင်ငံတ၀န်းရှိ လေဆိပ်တိုးချဲ့ရေးနှင့် တည်ဆောက်ရေး လုပ်ငန်းများ၊ လမ်းတံတား လုပ်ငန်းများကို လုပ်ကိုင်ခွင့်ပေးခဲ့ကြောင်း နီးစပ်သူ တဦး က ပြောဆိုသည်။

၎င်းနှင့်ပုဂ္ဂိုလ်ရေးအရ ရင်းနှီးသည့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်၏ မက်စ်မြန်မာ ကုမ္ပဏီကိုမူ ထားဝယ် ရေ နက် ဆိပ်ကမ်း တည်ဆောက်ရေး၊ ဘောလုံးကွင်းများ တည်ဆောက်ရေး၊ ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ ယခင် သတ္တုတွင်း ၀န်ကြီးဌာန ရုံးချုပ်အား ကလေးဆေးရုံအဖြစ် ပြောင်းလဲတည်ဆောက်ရေး လုပ်ငန်းများကို လုပ်ကိုင်ခွင့်ပေးခဲ့သည်ဟုလည်း ဆို သည်။

သီဟသူရ ဦးတင်အောင်မြင့်ဦးသည် ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက် ဆိပ်ကမ်းတည်ဆောက်ရေး လုပ်ငန်းကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် နီးစပ်သူ  ဦးတေဇပိုင် ထူး ကုမ္ပဏီအား လုပ်ကိုင်ခွင့်ပေးခဲ့သော်လည်း လုပ်ငန်းတချို့ကို ၎င်း၏ သားဖြစ်သူ ဗိုလ်ကြီးဟောင်း တေဇာစောဦးနှင့် အေးရှား ဝေါလ် ကုမ္ပဏီကို ခွဲဝေပေးရန် ထူးကုမ္ပဏီအား ခေါ်ယူပြောကြားခဲ့သည်ဟု ထူးကုမ္ပဏီနှင့် နီးစပ်သူတဦးကလည်း ပြောသည်။

သီဟသူရ ဦးတင်အောင်မြင့်ဦး အနေဖြင့် ထိုသို့ အကြီးစားစီမံကိန်းကြီးများကို ၎င်းနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်ကြီးမျာကိုသာ ဦးစားပေးလုပ်ကိုင်ခွင့် ပေးနေခြင်းသည် ရွေးကောက်ပွဲအပြီး မကြာမီပေါ်ပေါက်မည့် အစိုးရ အဖွဲ့အတွင်း ၎င်း၏ အနာဂတ်နှင့် ပတ်သက်၍ မရေရာ မသေချာမှုများ ရှိနေသည့်အတွက် ဖြစ်သည်ဟု နိုင်ငံရေး သုံးသပ်သူများက ဝေဖန်ပြော ဆိုသည်။

ရန်ပိုင်

ဧရာဝတီ

ဘယ်သူသေသေ ငရွှေမာရင် ပြီးရော ......

--