Sunday, December 12, 2010

စစ်အာဏာရှင်တို့ရဲ့ ငရဲခန်းသို့သမင်လည်ပြန် ...........>>>>အရှင်ဇ၀န<<<<

စစ်အာဏာရှင်တို့ရဲ့ ငရဲခန်းသို့သမင်လည်ပြန် ...........>>>>အရှင်ဇ၀န<<<<

by San Maung on Monday, December 13, 2010 at 12:38am

ပေးထားတဲ့ နာမည်ပေါင်းစုံကိုကြည့် ယုဝတီတဲ့ လူတစ်ယောက်စီကို ရုပ်ရှင်မင်းသမီး တွေရဲ့နာမည်လှလှတွေတပ်ပေးတယ်။ နာမည်ခေါ်ရင် ရှင် ထူးရမယ် နေ့စဉ် အချိန်မှန် ထုတ်အရိုက်ခံရမယ်။ လက်သည်းခွံလောက်ရှိတဲ့ ကျောက်ခဲကျိုးတွေ အုတ်ခဲကျိုးတွေဖြန့်ခင်းထားတဲ့ ကွင်းပြင်မှာ လေးဘက်ထောက်အနေအထားနဲ့ ဒူးနဲ့တံတောင်ထောက်ရမယ်။ ဒူးရော တံတောင်ရော မှာ သွေးခြင်းခြင်းနီနေတယ်။ ခံရတာ သွေးသံတရဲရဲကို ပေးထားတဲ့နာမည်က ဆီမီးခွက် အကတဲ့။ 

အရှင်ဇ၀န

စစ်အာဏာရှင်လက်အောက်မှာ တနိုင်ငံလုံး ထောင်ထဲရောက်နေသလိုပဲ ဆိုတာကို ပြောဆိုနေကြတာကြားဘူးမှာပါ။

ဒါကတော့စစ်အာဏာရှင်တွေရဲ့လူ့အခွင့်အရေး ချိုးဖောက်မှုကို တနိုင်ငံလုံး ခံစားနေ၇တာ ပုံဖော်ပြီးပြောနေကြတာပါ။

တကယ့်ကိုထောင်ထဲရောက်ပြီး စစ်ကြောရေးစခန်းတွေရဲ့ ငရဲခန်းတွေထဲက အခွင့်ရေးချိုးဖောက်ခံရမှု ဆိုတာကို တဆင့်စကားတွေက ဒါမှမဟုတ်ကိုယ်တွေ့ကြုံခဲ့ရသူတချို့ရဲ့ ရေးသားချက်တချို့ကနေ သိသူတွေရှိနေကြပါပြီ။ ဒါပေမယ့်မလုံလောက်သေးပါဘူး။

ပြောစရာတွေကတယောက်နဲ့တယောက် တူသယောင်နဲ့ မတူညီခံစားခဲ့ရတာတွေကတော့ ရှိနေဦးမှာပါ။အခုဒီဆောင်ပါးကလည်း ကိုယ်တွေ့တွေထဲက မှတ်မိသမျှ မှတ်တမ်းပြုလိုက်တာပါ။ စစ်အာဏာရှင်တွေရဲ့ယုတ်မာမှုတွေ ကိုစုဆောင်းကြတဲ့အခါ ကိုယ်တွေ့ကြုံသူတွေပြောစကားကတော့ လိုအပ်ချက်တခုအဖြစ် ရှိနေမှာပါ။

စစ်အာဏာရှင်တွေရဲ့ စစ်ကြောခန်းကို ကြုံတွေခဲ့ရသူတွေက ငရဲခန်းလို့ ကင်ပွန်းတပ်ကြပါတယ်။ဒီအခန်းထဲကို စတင်ရောက်တဲ့မြင်ကွင်း လေးကို ပြန်စဉ်းစားမိပါတယ်။

အချိန်ကည ၁၂နာရီလောက်ရှိနေပါပြီ။ ဦးဇင်းရဲ့ကျောင်းကိုဝင်ပြီးစစ်တပ်နဲ့ဝိုင်း ကျောင်းကနေဦးဇင်းတို့ကို စတင်ခေါ်ဆောင်တော့ ကိစ္စရှိလို့ ခဏ လိုက်ခဲ့ပါ- ဒီစကားလေးပဲပြောတာပါ။

ဒါပေမယ့် ကားပေါ် စရောက်ရောက်ခြင်းပဲ ခေါင်းကိုအဝတ်တခုနဲ့စတင်အုပ်လိုက်ပါတော့တယ်။ဝမ်းယားမှောက် လူငါးယောက်က လက်တဖက်ကိုတယောက်စီ၊ ခြေတဖက်ကိုတယောက်စီ၊ ခါးပေါ်ခွလျှက် တယောက်ချုပ်ထားလိုက်တော့တယ်။ ကျောင်းကနေ သူတို့ ထောက်လှမ်းရေးစခန်း ရေကြည်အိုင်တလျှောက် ကားပေါ်မှာ အဲဒီပုံစံအတိုင်း လိုက်ပါခဲ့ရတယ်။

ဘယ်နေရာ ဘယ်အရပ်လို့ မသိအောင် ခေါင်းကိုအုပ်ထားတာပါ။ ဒါပေမဲ့ ရွှေပြည်သာမှာ နေသူတစ်ယောက်အတွက် အခုရောက်နေတာ ဘယ်နားလောက်ဆိုတာ ခန့်မှန်းလို့ရပါတယ်။ ကားပေါ်က ဆင်းဆင်းခြင်း လူနှစ်ယောက်က လက်တစ်ဖက်ဆီကို ဆုပ်ကိုင်ပြီး ဆွဲခေါ်သွားပါတယ်။

ရှေ့မှာ အတားအဆီးများ ရှိနေသည့် ဟန်ဖြင့် "ခြေထောက်မြှောက် ကျော်ကျော်" ဆိုပြီး ခိုင်းပါတယ်။ နှစ်ခု၊ သုံးခုကို ကျော်ခိုင်းပြီး "ခေါင်းငုံ့ ခေါင်းငုံ့" ဆိုပြီး တစ်ခါထပ်ခိုင်းပြန်တယ်။ ငုံ့ခိုင်းတာမှ သာမန်လောက် ငုံ့ရုံမဟုတ်ဘဲ ခါးကို တစ်အားညွှတ်ပြီး ငုံ့ခိုင်းတာပါ။

အဲဒီကနေ အခန်းတံခါးကို ဖွင့်ပြီး အထဲကို ၀င်ခိုင်းလိုက်ပါတယ်။ အခန်းက ၄x၂ သစ်သားချောင်းများ ကာရံထားသော အခန်းကျဉ်းလေးဖြစ်ပါတယ်။ ၀ါကျင့်ကျင့် မီးလုံးလေးတစ်လုံးက အခန်းထဲကို အလင်းရောင်ပေးနေပါတယ်။

ဖျာအကြမ်း တစ်ချပ် ခင်းထားတာတွေ့တယ်။ အကြောက်တရားဆိုတာကတော့ မဖိတ်ခေါ်ဘဲရောက်လာတယ်။ ဘေးနှစ်ခန်းကျော်လောက်က နာကျင်စွာ ညည်းညူသံက အကြောက်တရားကို ပိုပြီး အရှိန်မြင့်စေတယ်။

အမှောင်ထဲမှ ညရဲ့အရိပ်ကိုခိုပြီး အသံမျိုးစုံကိုပေးနေတဲ့ သတ္တ၀ါတို့ရဲ့ အော်မြည်သံကလည်း အကြောက်တရားဆီသို့ စိတ်ကို တွန်းပို့နေပြန်တယ်။ အပြင်လမ်းပေါ်မှာ ကင်းသမားရဲ့ ခေါက်တုန့်ခေါက်ပြန် လျှောက်နေတဲ့ ခြေလှမ်းတွေ တစ်ခါတစ်ခါ ငယ်သံပါအောင် အော်လိုက်တဲ့ အဝေးဆီက နာကျင်သံတွေက ငါ့အလှည့်ကျရင် ဘယ်လိုရင်ဆိုင်မလဲဆိုတဲ့ အတွေးပေါင်းစုံနဲ့ စိတ်က ဂနာမငြိမ် ဖြစ်နေတာအမှန်ပါ။

မကြာဘူး သော့ခလောက်သံက ငရဲခန်းရဲ့ တံခါးဝကို သွားရတော့မယ်လို့ လှမ်းပြောလိုက်သလိုပါပဲ။ "ထွက်မယ် "တံခါးဝနားကို တိုးကပ်လိုက်တော့ တစ်ယောက်က ခေါင်းစွပ်တစ်ခုနဲ့ ခေါင်းကိုစွပ်လိုက်တယ်။ တစ်ယောက်က လက်ကိုစွဲပြီး လက်ထိပ်ခတ်လိုက်တယ်။

နောက် " လိုက်ခဲ့ " ဒီစကားတစ်ခွန်း ပြောပြီး လူကိုဆွဲခေါ်သွားပါတယ်။ အခန်းတစ်ခန်းထဲ အရောက်မှာ ထိုင်ခုံတစ်လုံးပေါ်ထိုင်ခိုင်းလိုက်တယ်။ နောက်မှီမပါ ဘေးလက်တန်းမပါတဲ့ ထိုင်ခုံလေးပါ။ အဲဒီထိုင်ခုံပေါ်မှာ အချိန်တော်တော်ကြာတဲ့အထိ ထိုင်ခိုင်းထားတယ်။ ပတ်ဝန်းကျင်တစ်ခုလုံးမှာလည်း တိတ်ဆိတ်ခြင်းများ လွှမ်းမိုးနေတယ်။ တစ်ခါတစ်ခါ ဖြတ်လျှောက်သွားတဲ့ တဖျပ်ဖျပ် ခြေသံ အချို့သာ ကြားနေရတယ်။

ဒီလိုနဲ့ နှစ်နာရီ လောက်အကြာမှာ လူသုံးယောက်လောက် လှမ်းလာတဲ့ ခြေသံတွေက အခန်းနားကို ပိုပြီးနီးလာတယ်။ အခန်းထဲဝင်လာကြတယ်။ သူစမေးတဲ့ မေးခွန်းက "ကဲ ခင်ဗျား ဒီနေရာကို ဘာကြောင့် ရောက်လာတယ်ထင်သလဲ" ဒါ ပထမဦးဆုံး ငရဲခန်းသခင်ရဲ့ ပဋိသန္ထာရ စကားပါပဲ။

နောက်ဆက်တွဲ အတွေ့အကြုံတွေကတော့ ဘေးက လိုက်လာတဲ့ ပါးကွက်သားတို့ရဲ့ လက်သံပြောင်တဲ့ ညာဖြောင့် လက်သီးလား၊ ဘယ်ဖြောင့်လက်သီးလား မသိတဲ့ အရှိုက်ထဲ ပစ်သွင်းခံရတဲ့ လက်သီးချက်တွေပါပဲ။

ဒဏ်ရာဒဏ်ချက်တွေကို စာမဖွဲ့ပြချင်တော့ပါဘူး။ လေယာဉ်ပျံစီးရတာတွေ၊ ဆိုင်ကယ်စီးရတာတွေဟာ ငရဲခန်းရောက်သူတိုင်းအတွက် ကျော်ဖြတ်ရမည့် ခရီးကြမ်းတွေပါပဲ။ လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို နင်းချေ ပစ်တဲ့ အပြုအမူတွေပါပဲ။

အကျင့်သီလနဲ့ ပြည့်စုံသူရော ပညာဥာဏ်မြင့်မားသူရော မည်သူမဆို ငရဲခန်းထဲရောက်ခဲ့ရင် အထိုးခံ၊ အကန်ခံ လူမဆန်စွာ ကြိုဆိုခြင်းကို ခံရမှာပါပဲ။ သံဃာတစ်ပါးအတွက် အထွဋ်အမြတ်ထား အဆက်အဆံခံခဲ့ရတာတွေဟာ ငရဲခန်းထဲရောက်ရင် မေ့ထားလိုက်ပါတော့လို့ ပြောနေသလိုပါပဲ။

ဘယ်လောက်ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများဖြစ်ပါစေ ဒီငရဲခန်းကိုတော့ ဖြတ်သန်းခဲ့ကြရတာပါ။ ကာယကံအားဖြင့် လူမဆန်မှုကိုသာ ခံရတာမဟုတ်ပါဘူး။ဝစီကံ အားဖြင့်လည်း ယုတ်ရင်း ကြမ်းတမ်းသော အသုံးအနှုံးတွေက အခန်းထဲဝင်လာသူတိုင်းရဲ့ နှုတ်က ဖေါဖေါသီသီ ဒလဟော သွန်ချနေတာပါ။

ဦးဇင်းကြုံခဲ့ရတာတွေက တခြားသူများထက်စာရင် သက်သာတယ် ဆိုရမှာပါ။ သက်သာတယ်ဆိုတာတောင် တစ်သက်လုံး မမေ့နိုင်စရာပါ။ ကိုယ့်ထက်ဆိုးသူတွေကတော့ တစ်စက်ချင်းချတဲ့ ရေစက်ရဲ့ ဒဏ်ကို ခံရတဲ့ အကြောင်းတွေကို ကိုယ်တိုင်ကြုံသူတွေရဲ့ တကယ့်ဖြစ်ရပ်စကားတွေက ထောင်ထဲမှာ နားမဆံ့အောင် ကြားခဲ့ရတာပါ။

ကဗျာဆရာ ကိုကြည်တင်ဦးဆို ထောင်ထဲရောက်ပြီးမှ တဖန် ပြန်လည်စစ်ကြောခံရတာက မြင်ရသူပါ တောက်ခေါက်သံမဆုံးအောင် ဖြစ်ရပါတယ်။ ကိုယ်တုံးလုံးတီးချွတ်ပြီး ၀ါးခြမ်းပြားနဲ့ မွေးရာပါ ပစ္စည်းအရိုက်ခံရတာ မီးနဲ့တို့ခံရတာတွေဟာ ကြားရသူတွေ၊ မြင်ရသူတွေကိုပါ နာကျင်စေတုန်းပါပဲ။ လူကိုဇောက်ထိုးဆွဲပြီး အစစ်ခံရတာလည်း လူပြောများတဲ့ ငရဲခန်းထဲက လက်စွမ်းပြမှုပါပဲ။

ငရဲခန်းထဲက အကြောင်းတွေဟာ ပြန်မတွေးချင်ဆုံး အကြောင်းတွေ ဖြစ်သလို ဘယ်လိုဖျက်ဖျက် စိတ်မှတ်ဥာဏ်ထဲက ဆွဲထုတ်လို့မရတဲ့ အကြောင်းတွေပါပဲ။ မဟာမြတ်မုနိဘုရားတန်စောင်းထဲက ကြေးရုပ်ကြီးတွေဟာ ဗိုက်တွေ ရင်ဘတ်တွေမှာ အချိုင့်တွေ ဖြစ်နေတာ တွေ့ဘူးမှာပါ။ အင်မတန် မာကြောတဲ့ ကြေးရုပ်ထုအပေါ် သာမန်လက်ကလေးနှင့် ပွတ်တာ ကြိမ်ဖန်များစွာ ကြာလာတော့ ကြေးသားတွေ ချိုင့်သွားရတာကို အထူးအဆန်း ထင်ခဲ့မိပါသေးတယ်။ ခုမြင်ရတဲ့ လူတစ်ယောက်ရဲ့ ဦးခေါင်းက ဒဏ်ရာတွေမြင်တော့ ထိုကြေးရုပ်တွေထက် နုတဲ့လူသားရဲ့ အသားပေါ် ထမင်းစားတူလောက်ရှိတဲ့ ဒုတ်ချောင်းလေးနဲ့ နေ့ရက်ဆက်တိုက်မပျက် အခေါက်ခံရတဲ့ ဦးခေါင်းခွံဟာ ကြေးမဟုတ်တော့ ရက်ပိုင်းလေးနဲ့တင် ဒဏ်ရာတွေ သေရွာပါခဲ့ရတယ်။

ဒါတွေက မသေပဲ ပြန်လာခဲ့ကြသူတွေရဲ့ ငရဲခန်းထဲက ဒဏ်ရာတွေကိုသာ ပြောနေတာပါ။ အသက်သေပြီး အစပျောက်သွားရသူတွေ ဦးနှောက်ပျက် ရူးသွပ်သွားရသူတွေဟာ စစ်အာဏာရှင်တို့ရဲ့ ငရဲခန်းထဲမှာ များစွာရှိနေပါသေးတယ်။

ဒါတွေဟာ ယခု လူကိုယ်တိုင်ပြောပြနိုင်သူတွေရှိတုန်း မှတ်တမ်းတွေ ရယူထားသင့်ပါတယ်။ ဖက်ဆစ်တို့ရဲ့ ကိုယ့်လူမျိုးအပေါ် ကမ်းကုန်အောင် ရက်စက်မှုဟာ အာဏာငမ်းဖမ်းမှုတစ်ခုထဲကြောင့် ဖြစ်ရတာပါ။ သူတို့တွေဘယ်လိုပဲ အာဏာတွေပါဝါတွေနဲ့ ယုတ်မာမှုတွေ၊ ရက်စက်မှုတွေကို ဖုံးကွယ်ထား ဖုံးကွယ်ထား အမှန်တရားကို ဖော်ထုတ်နိုင်မယ့် တရားဥပဒေရှေ့မှောက် ရောက်တဲ့အခါ အာဏာရူးတို့ကိုချည်နှောင်တဲ့ ကြိုးတွေအဖြစ် ငရဲခန်းထဲက အံကြိတ်သံတွေ တောက်ခေါက်သံတွေက တာဝန်ယူပါလိမ့်မယ်။

စစ်ကြောရေးခန်းက လွတ်လာသူဟာ (ဘယ်သူမှမရောက်ချင်တဲ့ ) ထောင်ကို ပို့တော့မယ်ဆိုရင် နေ့ညမပြတ် ခံစားနေရတဲ့ ဒုက္ခက လွတ်ပြီလို့ ၀မ်းသာကြသူတွေချည်းပါပဲ။ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကတော့ တရားရုံး ရောက်တဲ့အခါ ထောင်ထဲနေတဲ့အခါတွေမှာ များစွာ တွေ့ကြုံရပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေအတွက် သီးသန့် ဆောင်းပါးတစ်စောင်ရေးရမှာပါ။

ငရဲခန်းအကြောင်းကိုသာ ခေါင်းစီးပို့ထားတာမို့ ထောင်ထဲကရက်စက်မှုတွေကိုလွည်း အကြမ်းဖျင်း ပြောချင်ပါသေးတယ်။

ထောင်ထဲက ဥပဒေအရ (jail manual) ပေးရမယ့် အခွင့်အရေးတွေများစွာ ရှိပါတယ်။ သူသတ်မှတ်ထားတဲ့ ဥပဒေကို သူကိုယ်တိုင် မလိုက်နာဘဲ ထင်တိုင်းကြဲခဲ့တာတွေကိုတော့ လူ့အခွင့်အရေးအကြောင်းမှာ သီးသန့်ရေးပါမယ်။

ထောင်ထဲက ကြောပေါ် ဒုတ်ချက်များစွာ ကျရောက်ခဲ့ရတဲ့ ဇာတ်လမ်းတွေဟာ ကိုယ်တိုင် မကြုံတွေ့ခဲ့ရသော်လည်း ကြုံတွေ့သူတွေနဲ့ လက်ပွန်းတသီး နှစ်ရှည်လများ နေလာခဲ့ရတော့ ကိုယ်တိုင် ခံစားခဲ့ရသလိုပါပဲ။ အင်းစိန်ထောင်ထဲက ယုဝတီတိုက်ဆိုတာ နာမည်ကြီး ငရဲခန်းတစ်ခုပါပဲ။

ဒီငရဲခန်းကို ကိုယ်တိုင်ရောက်ခဲ့သူရဲ့ နာကျည်းသံ အံကြိတ်သံ တောက်ခေါက်သံတွေဟာ ထောင်ကလွတ်ပေမယ့် ကြားရနေတုန်းပါပဲ။ ယောက်ျားတစ်ယောက်ကို နာမည်ခေါ်တဲ့အခါ ယောက်ျားထူးသလို ဗျာ လို့ထူးရင် အရိုက်ခံရတယ်။ ရှင် လို့ ထူးရတယ်။

တစ်ယောက်ချင်းစီကိုလည်း နာမည်ကြီး အနုပညာသည်တွေရဲ့ နာမည်တွေကို တပ်ပြီးခေါ်တယ်။ ထက်ထက်မိုးဦး၊ ခင်သန်းနု၊ခိုင်သင်းကြည်၊ နန္ဒာလှိုင် စတဲ့ နာမည်တွေဟာ ယောက်ျားဖြစ်တဲ့ ယုဝတီတိုက်ရောက် အကျဉ်းသားတွေ အခေါ်ခံရတဲ့ နာမည်တွေပါ။

ဦးဇင်းနဲ့ အင်မတန် ရင်းနှီးတဲ့ ဦးတင်ထွန်းဆို ပိန်ပိန်ပါးပါးနဲ့မို့ သူ့ကို ခေါ်တဲ့ နာမည်က ဒေါ်မြတ်လေးတဲ့။ နာမည်လှလှလေးတွေရဲ့နောက်က နာမည်နဲ့ လုံးဝဆန့်ကျင်ဘက်ဖြစ်တဲ့ ရက်စက်မှုတွေက ကြားရသူတွေပါ နှိပ်စက်ခံရသလို ဖြစ်စေခဲ့ပါတယ်။

ပေးထားတဲ့ နာမည်ပေါင်းစုံကိုကြည့် ယုဝတီတဲ့ လူတစ်ယောက်စီကို ရုပ်ရှင်မင်းသမီး တွေရဲ့နာမည်လှလှတွေတပ်ပေးတယ်။ နာမည်ခေါ်ရင် ရှင် ထူးရမယ် နေ့စဉ် အချိန်မှန် ထုတ်အရိုက်ခံရမယ်။ လက်သည်းခွံလောက်ရှိတဲ့ ကျောက်ခဲကျိုးတွေ အုတ်ခဲကျိုးတွေဖြန့်ခင်းထားတဲ့ ကွင်းပြင်မှာ လေးဘက်ထောက်အနေအထားနဲ့ ဒူးနဲ့တံတောင်ထောက်ရမယ်။ ဒူးရော တံတောင်ရော မှာ သွေးခြင်းခြင်းနီနေတယ်။ ခံရတာ သွေးသံတရဲရဲကို ပေးထားတဲ့နာမည်က ဆီမီးခွက် အကတဲ့။

ယုဝတီတိုက်ထွက်တွေရဲ့ တစ်ကိုယ်လုံးမှာ ဒဏ်ရာတွေဟာ သေရာပါသွားမှာ သေချာတယ်။ အင်းစိန်ထောင်သမိုင်းမှာ ယုဝတီတိုက်ဆိုတာ လူမဆန်ဆုံးသော ငရဲခန်း ပါပဲ။

၁၉၉၉ ဇူလိုင်လ ဆေးကုသဖို့ သာယာဝတီထောင်ကနေ အင်းစိန်ထောင်ကို ပြန်ရောက်စဉ်က ကြုံတွေ့ခဲ့ရတဲ့ အဖြစ်တစ်ခုက စိတ်ထဲမှာ ခုထိ ဒဏ်ရာပြင်းစွာ ရနေတဲ့ အဖြစ်တစ်ခုပါပဲ။

ဘာသာရေးစကား၊ ဘာသာရေးတရား ပြောဆိုနေကြတဲ့ နိုင်ငံရေး အကျဉ်းသား ( ယခု အမေရိကားရောက်နေတဲ့ ကိုစိုးသန်း) ကို အသံကျယ်လို့ လာရောက်ဆဲဆိုတဲ့ ၀န်ထမ်းအား ဘာသာရေးအရ ဦးဇင်းနဲ့ ကိုစိုးသန်းက ပြောပြသောအခါ အဲဒီဝန်ထမ်းတော်တော် အရှက်ရသွားတယ်။ ဒီကိစ္စကို မကျေနပ်လို့ ဦးဇင်းတို့နှစ်ယောက်ကို ထောင်မှူးကြီး ရုံးခန်းခေါ်ပြီး ပညာပေးခံလိုက်ရတာ တော်တော်နာကျည်းစရာကောင်းတယ်။ဖရုသ၀ါစာ ယုတ်ရင်းကြမ်းတမ်းတဲ့စကား ပြောသူက အမှန် ပီယ၀ါစာ ပြောသင့်တယ်လို့ တင်ပြသူက အမှား ပြစ်ဒဏ်ကျခံရတယ်။

ယုဝတီတိုက်မရှိတော့တာ ဦးဇင်းတို့အတွက် ကံကောင်းတာပဲ။ (၂)တိုက်မှာ နေစဉ်က ရှေ့တည့်တည့်မှာ အမြဲပိတ်ထားတဲ့ အခန်းတစ်ခန်းကိုတွေ့ရတယ်။ ဘာကြောင့်ပိတ်ထားတာလဲလို့ ဘေးအခန်းမှာ ရှိတဲ့ လူတွေကို မေးကြည့်တော့ သူတို့ကပြောတယ်။ ဒါ ပြစ်ဒဏ်အခန်းတဲ့။ ပြစ်ဒဏ်ကျခံသူများကို မိကျောင်းတက် တက်ခိုင်းပြီး လူနှစ်ယောက်က (လူနှစ်ယောက်ဆိုတာ ၀န်ထမ်းဖြစ်ချင်လည်း ဖြစ်မယ်။ ၀န်ထမ်းမဟုတ်လည်း အာဏာပိုင် လက်ပါးစေအကျဉ်းသားလည်း ဖြစ်မယ်) အဆက်မပြတ် ရိုက်နှက် ခေါ်ဆောင်လာတဲ့ ပြစ်ဒဏ်ကျအကျဉ်းသားရဲ့ ဒုက္ခကို မြင်ခဲ့သူတိုင်းက သနားမဆုံး ရှိကြတယ်။

အလုံပိတ်ထားတဲ့ အခန်းကျဉ်းထဲမှာ ရက်သတ္တနှစ်ပတ်လောက် ပိတ်ထားတယ်။ ပုံစံထမင်းဟင်းကို လာပေးချိန်သာ သူ့ခမြာ အလင်းရောင်မြင်ရတယ်။ သနားလို့ ငပိကြော်လေး မုန့်လေးသွားမပေးလိုက်နဲ့ ပေးတဲ့သူပါ ပြဿနာရှာခံရတယ်။ မသင်္ကာရင် ပြစ်ဒဏ်ကျ အခန်းထဲကို ၀င်ရှာတယ်။ မသင်္ကာစရာ ငပိကြော်၊ ဆေးလိပ်တို ဒါမှမဟုတ် စားစရာတစ်ခုခုများ တွေ့လို့ကတော့ ပြစ်ဒဏ်ကျခံသူလည်း မသက်သာ။ အနီးအနားက အခန်းတွေလည်း ပြဿနာရှာတော့တယ်။

အဲဒီငရဲခန်းကလည်း ICRC ၀င်တော့မယ်ဆိုတဲ့ အသံကြားမှ ရပ်တန့်သွားတယ်။ ICRC ဟာ အကျဉ်းသားတွေ တကယ်အားကိုးရတဲ့ အဖွဲ့အစည်းပါပဲ။ (၁၆) နှစ်တာကာလမှာ ကဗျာစာရွက်မိလို့ တိုက်ပိတ်ခံရတာ၊ ဘာသာရေးစကားပြောလို့ တိုက်ပိတ်ခံရတာတွေဟာ ဘ၀မှာ မေ့ဖျောက်လို့မရနိုင်တဲ့ ဒဏ်ရာတွေလို့ပဲ ဆိုလိုက်ချင်ပါတယ်။

တချို့ကိစ္စတွေဟာ အကြောင်းတိုက်ဆိုင်မှ ပြန်လည်ပေါ်လာတာမို့ တစ်ခုချင်းကို တစ်ပေါင်းတစ်စည်းတည်းတော့ မတင်ပြနိုင်တော့ပါဘူး။ အကြောင်းသင့်လို့ ပေါ်လာရင်ပေါ်လာသလို မှတ်တမ်းတွေရေးမှာပါ။ ကိုယ့်လူမျိုး အချင်းချင်း ဘာကြောင့် နှိပ်စက်တာလဲဆိုတဲ့ အဖြေကို စာဖတ်သူလည်း ထုတ်ကြည့်စေချင်ပါတယ်။

အရှင်ဇဝန

နိုင်ငံရေးအကျဉ်းသားဟောင်း

http://www.facebook.com/?ref=home#!/profile.php?id=100001168658232&sk=wall

Free all political prisoners in Burma ( နေဘုန်းလတ် )............

by San Maung on Monday, December 13, 2010 at 6:00am

နအဖ စစ်အစိုးရ၏ ပုဒ်မ ၅ဝ၅ (ခ) ဖြင့် ၂ နှစ် ၊ ဗီဒီယို အက်ဥပဒေ ပုဒ်မ ၃၂ (ခ)၊ ၃၆ ဖြင့် ၃ နှစ် ၆ လ ၊ အီလက်ထရောနစ် အက်ဥပဒေ ပုဒ်မ ၃၃ (က)၊ ၃၈ ပုဒ်မဖြင့် ၁၅ နှစ်၊ စုစုပေါင်း နှစ်ပေါင်း (၂ဝ)နဲ့ (၆)လကြာအောင် ထောင်ချခံရသည့် ဘလော့ဂါ နေဘုန်းလတ် အဖမ်းမခံရခင်က ရေးသားခဲ့သော ဝတ္ထုတို ဖြစ်သည်။

စူးရှပြောင်မြောက်သော အတွေးအခေါ်ဖြင့် မတရားမှုကို တိုက်ပွဲဝင်ရင်း မတရား ဖမ်းဆီးခံရသော နေဘုန်းလတ်အား သူရေးသားခဲ့သောစာကို ဖော်ပြ၍ လေးစားစွာ ဂုဏ်ပြုလိုက်ပါသည်။

နေဘုန်းလတ်နှင့်တကွ မတရား အဖမ်းဆီးခံနေရသော နိုင်ငံရေးအကျဉ်းသမားများ အမြန်ဆုံး ပြန်လည် လွတ်မြောက်လာရန် ဝိုင်းဝန်းကြိုးပမ်းကြပါစို့။

ဇာဂနာနှင့် နေဘုန်းလတ် ပူးတွဲဆုရရှိ ........

နိုင်ငံကျော် ဟာသ ပညာရှင် ကိုဇာဂနာနှင့် ဘလော့ဂ်ဂါ ကိုနေဘုန်းလတ်တို့သည် ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းသမားများ အဖွဲ့ (RSF)၏ ၂၀၀၈ ခုနှစ်အတွက် ဆိုက်ဘာ အတိုက်အခံ ဘလော့ဂ်ဂါဆုကို ကြာသပတေးနေ့တွင် ပူးတွဲ ရရှိလိုက်သည်။ 

ကိုဇာဂနာနှင့် ကိုနေဘုန်းလတ်တို့သည် ရွှေဝါရောင် တော်လှန်ရေးနှင့် နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးချိန် ကာလများက စစ်အစိုးရ၏ တားမြစ်ပိတ်ပင်မှုများ အကြားက ပြည်တွင်းနှင့် ပြည်ပမှ ပြည်သူများ သတင်းမှန် ရရှိရေးအတွက် ဘလော့ဂ်များမှ တဆင့် တင်ပြပေးခဲ့၍ ယခုဆုကို ချီးမြှင့်ခြင်း ဖြစ်သည်ဟု RSF ၏ သတင်းစာ မျက်နှာများတွင် ဖော်ပြထားသည်။

ထောင်ထဲမှာပင် လူပြောများဖွယ် ပြက်လုံးများ ပြောကြားခဲ့သေးသည့် ကိုဇာဂနာကို ထောင်ဒဏ် ၅၉ နှစ်နှင့် ကိုနေဘုန်းလတ်ကို ထောင်ဒဏ် အနှစ် ၂၀ အသီးသီး ချမှတ်ထားသည်။

ကိုဇာဂနာကို ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ ညကပင် မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ် မြစ်ကြီးနားထောင်သို့ ပို့လိုက်သည်။

"ဆုရတာတောင် ၀မ်းသာတယ်ဆိုတာထက် မပျော်နိုင်တော့ပါဘူး။ အခုလို အဝေးကြီးကို ပို့လိုက်တော့ ကျမတို့ တမိသားစုလုံး စိတ်ဆင်းရဲနေရတယ်။ အခု အဲဒီကို ဘယ်လိုလိုက်ရမလဲပဲ စဉ်းစားနေရတယ်လေ။ သူနဲ့ တွေ့ဖြစ်ရင်တော့ သူ့ကို ဒီအကြောင်း ပြောပြမယ်။" ဟု ကိုဇာဂနာ၏ မိသားစုဝင် တဦးက မဇ္ဈိမကို ပြောပြသွားသည်။

ဆုအဖြစ် ဘလော့ဂ်ဂါဆု ရုပ်တုနှင့် မြန်မာငွေ ကျပ်သိန်း ၄၀ နီးပါးနှင့် ညီမျှသော ယူရိုငွေ ၂၅၀၀ ကို အခမ်းအနားဖြင့် အီရန်နိုင်ငံမှ နိုဘယ် ငြိမ်းချမ်းရေးဆုရှင် ရှီရန် အဘာတီမှ ပေးအပ်မည် ဖြစ်သည်။ 

ကိုယ်တိုင် ဆု တက်ရောက် ယူနိုင်ခြင်း မရှိသော ကိုဇာဂနာနှင့် ကိုနေဘုန်းလတ်တို့ ကိုယ်စား လန်ဒန်မှ မြန်မာ ပန်းချီဆရာ ကိုထိန်လင်းက တက်ရောက်ရယူမည် ဖြစ်သည်။ 

"အခုလိုဆုပေးတာမှာ အရေးအကြီးဆုံးကတော့ နိုင်ငံတကာ အသိုင်းအ၀ိုင်းက သူတို့ကြုံတွေ့နေရတာတွေကို အာရုံစိုက်မိဖို့နဲ့ သူတို့ဟာ အပြစ်မရှိဘူးဆိုတာကို ပြသလိုက်တာပါပဲ"ဟု RSF ၏ အာရှ ပစိဖိတ်ဒေသ တာဝန်ရှိ ပုဂ္ဂိုလ် ဗင်းဆင့် ဘရော့စ်ဝဲလ်က မဇ္ဈိမကို ပြောသည်။

အိုင်တီနည်းပညာသိချင်လို့ အင်တာနက်သုံးတာ အင်းစိန်ထောင်ကို ရောက်ခဲ့သည်ဆိုသော ကိုဇာဂနာ၏ ပြက်လုံးမှာ လူအများ ပါးစပ်ဖျား ရေပမ်းစားနေသည်။

ကိုနေဘုန်းလတ်၏ မိခင် ဒေါ်အေးအေးသန်းက "ဒီလိုဆုရတဲ့ အတွက် ၀မ်းသာပါတယ်။ ဗင်းဆင့်နဲ့ တကွ ဆုရွေးချယ်ရေး အဖွဲ့ကိုလည်း ကျေးဇူးတင်ပါတယ်။ ဒါက မြန်မာပြည်မှာ လူငယ်တွေကို အထင်မှားပြီးတော့ အပြစ်ပေး အရေးယူခံနေရတာကို ပေါ်လွင်စေတယ်။ အခုဆို ဒါကို ကမ္ဘာက အကုန်လုံး သိသွားတာပေါ့နော်။ နောက်ဒါက တယောက်ထဲကိုပေးတာဆိုပေမယ့် လူငယ်အများစုရဲ့ကိုယ်စား နေဘုန်းလတ်က ရတယ်လို့ပဲ ယူဆတယ်လေ။" ဟု မဇ္ဈိမကို ပြောသည်။ 

သားဖြစ်သူရောက်ရှိနေသော ကရင်ပြည်နယ် ဘားအံထောင်သို့ ထောင်ဝင်စာ သွားရောက်တွေ့ဆုံမည့် အချိန်တွင် သားဖြစ်သူကို ဆုရသည့်အကြောင်း ပြောပြမည်ဟု သူက ဆက်ပြောသည်။

................................

ကျွန်တော်နှင့် ငရဲကြီး ၁၂ထပ် …

ရေးသားသူ – နေဘုန်းလတ် at Wednesday, July 25, 2007

ငရဲပြည်ကို အရှင်လတ်လတ် ရောက်သွားခဲ့ဖူးတဲ့ ဇာတ်ကြီးဆယ်ဘွဲ့ထဲက ဘုရားလောင်း နေမိမင်းအကြောင်းကို အားလုံး ကြားဖူးကြမယ် ထင်ပါတယ်။ ကျွန်တော်က ဘုရားလောင်းနေမိမင်းနဲ့ ဘယ်လိုမှ မပတ်သက်ပေမယ့် ကျွန်တော်လည်းငရဲပြည်ကို အရှင်လတ်လတ်လိုလို၊ အိပ်မက်လိုလိုနဲ့ ရောက်သွားခဲ့ဖူးတယ်။ ခင်ဗျားတို့ယုံချင်ရင်ယုံ၊ မယုံချင်ရင်လည်းနေကြပါ။ ကျွန်တော်ကတော့ ငရဲမင်းကြီး အမိန့်ရှိခဲ့တဲ့အတိုင်း ငရဲပြည်က သတင်းအချက်အလက်တွေကို သိသင့်သူတွေသိစေဖို့ ပြန်ပြောပြဖို့တာဝန် ရှိနေတဲ့အတွက် အားလုံးကို ပြောပြချင်ပါတယ်။

အဖြစ်ကဒီလိုပါ…။

အဲဒီ့နေ့က … တိတိကျကျပြောရရင်တော့ အဲဒီ့ညနေကပေါ့…။ ကျွန်တော့်ကို ငရဲသားခန့်ခန့်ကြီးနှစ်ယောက်က သူတို့ရဲ့ စီးတော်ယာဉ်ကြီးနဲ့လာခေါ်သွားတယ်။ ဟိုရောက်တော့ သူတို့က ကျွန်တော့်ကို ငရဲမင်းကြီးနဲ့မိတ်ဆက်ပေးတယ်။ အဲဒီ့မှာပဲ ငရဲမင်းကြီးက ကျွန်တော့်ကိုပြောတယ်…

" မင်းကို ဒီခေါ်ရတဲ့ အဓိကအကြောင်းအရင်းကတော့ ငရဲပြည်ရဲ့တိုးချဲ့ဆောင်တွေအကြောင်း လူပြည်က အချို့သောသူတွေကို သတင်းပေးချင်လို့ပဲ၊ မင်းက သတင်းထောက်တစ်ယောက် ဆိုတော့ ဒီကနေ ပြန်သွားရင် ဒီကသတင်းတွေကို လူ့ပြည်မှာ ဖြန့်ဖြူးပေးရလိမ့်မယ်။ ´´

သူကအဲဒီ့လိုပြောတော့ ကျွန်တော်က ကောင်းပြီပေါ့…။ ငြင်းစရာအကြောင်းမှမရှိတာ။ ငရဲပြည်ကနေ အခုလို အထူးဧည့်သည်တော် အဖြစ်နဲ့ ဖိတ်ခေါ်သတင်းပေးတဲ့အဖြစ်က တကယ့်ကိုဖြစ်တောင့်ဖြစ်ခဲ ပဲဟာ။ အဲဒီ့လိုနဲ့ ခုနက ကျွန်တော့်ကို လာခေါ်တဲ့ ငရဲသားနှစ်ယောက်က ကျွန်တော့်ကို ငရဲကြီးရှစ်ထပ်ကို တစ်ထပ်ပြီးတစ်ထပ် လိုက်ပြတယ်။ ဒီငရဲတွေအကြောင်းကတော့ အားလုံးလဲ သိပြီးဖြစ်တာကြောင့်ကျွန်တော် ထွေထွေထူးထူးပြောပြမနေတော့ပါဘူး။

ကျွန်တော်တကယ်ပြောပြချင်တာက ငရဲပြည်ရဲ့တိုးချဲ့ဆောင်တွေ အကြောင်းပါ။ ကျွန်တော်လည်း အဲဒီ့ငရဲတွေကို ပါလာတဲ့ ကင်မရာလေးနဲ့ ဓါတ်ပုံတွေ တဖျတ်ဖျတ်ရိုက်ရင်း ကြောက်ကြောက်လန့်လန့်နဲ့ တစ်ထပ်ပြီးတစ်ထပ် ကြည့်လာလိုက်တာ ငရဲကြီးရှစ်ထပ်က ခဏလေးအတွင်းမှာပဲ ကြည့်လို့ ပြီးသွားပါတယ်။ အဲ့ဒီလိုနဲ့ အောက်ဆုံးထပ်ဖြစ်တဲ့ အ၀ီစိငရဲရဲ့အောက်တစ်ထပ်ကို ကျွန်တော်တို့ ဆင်းလိုက်တယ်ဆိုရင်ပဲ အခုမှ ထပ်ပြီးပြင်ဆင်ဆောက်လုပ်နေတဲ့ ငရဲပြည်ရဲ့တိုးချဲ့ငရဲတစ်ခုစီကို ရောက်သွားပါတော့တယ်။

အဲဒီ့ ၉ထပ်မြောက်ငရဲမှာက အလွန်မြင့်မားတဲ့တောင်တန်းကြီးတွေနဲ့ အလွန်နက်ရှိုင်းမတ်စောက်လှတဲ့ ချိုင်းဝှမ်းကြီးတွေ၊ တွင်းကြီးတွေ ရှိတယ်။ အဲဒီ့ငရဲမှာ စောင့်ကျပ်နေကြတဲ့ ငရဲသားတွေကလည်း ဆူးချွန်တွေတပ်ထားတဲ့ ကြာပွတ်ရှည်ကြီးတွေကို တရွှမ်းရွှမ်းနဲ့ ကြမ်းပြင်ကိုရိုက်ရင်း လက်တပြင်ပြင် လုပ်နေကြတယ်။ ကျွန်တော် တအံ့တသြနဲ့ ငေးမောနေတုန်းမှာပဲ ကျွန်တော့်ဘေးနားက ငရဲသားက ကျွန်တော့်ကို ရှင်းပြတယ် …

" ဒီငရဲကတော့ လူ့ပြည်မှာ လုပ်အားပေး၊လုပ်အားပေးဆိုပြီး လူတွေကို အကျပ်ကိုင်၊ အဓမ္မ စေခိုင်းခဲ့တဲ့သူတွေအတွက်ပဲ။ စားဝတ်နေရေးအတွက် အနိုင်နိုင်ရုန်းကန်နေရတဲ့သူတွေကို ရေနစ်သူဝါးကူထိုး ဆိုသလိုပဲ မတရားလုပ်အားပေး ခိုင်းနေတဲ့အဖြစ်တွေ လူ့ပြည်မှာ အခုတလော တိုးသထက်တိုးလာနေတာကြောင့် ဒီငရဲကို ငါတို့သီးသန့်ထပ်ဆောက်နေကြရတာပဲ။

အဲဒီ့မတရားစေခိုင်းတဲ့သူတွေက ဒီကိုရောက်လာရင် အဲဒီ့တောင်ကြီးတွေကိုဖြိုပြီး၊ ဟောဟိုက ချိုင့်တွင်းကြီးတွေကို ဖို့ကြရလိမ့်မယ်။ သူတို့ဖြိုပြီးတဲ့ တောင်တွေနေရာမှာတွင်းတွေ ပြန်ပြန်ဖြစ်သွားပြီး၊ သူတို့ဖို့လိုက်တဲ့တွင်းတွေနေရာကလည်းတောင်တွေ ပြန်ဖြစ်သွားကြလိမ့်မယ်။ အဲဒီ့အလုပ်ကို သူတို့မနားမနေနဲ့ နှစ်ပေါင်းများစွာ လုပ်ကြရလိမ့်မယ်၊ ခဏနားလိုက်တာနဲ့ အနားမှာ စောင့်နေကြတဲ့ ငရဲသားတွေက ဆူးချွန်ကြာပွတ်တွေနဲ့အဆက်မပြတ် ၀ိုင်းရိုက်ကြလိမ့်မယ်။´´

ကျွန်တော်လည်း သူပြောပြတာတွေကို သေသေချာချာလိုက်မှတ်ပြီး စိတ်ထဲကနေလည်း နည်းတောင် နည်းသေးတယ်လို့ စဉ်းစားနေမိတယ်။ သူတို့က ကျွန်တော့်စိတ်ကျေနပ်အောင် လေ့လာပြီးတဲ့နောက်မှာ နောက်ငရဲတစ်ထပ်စီကိုခေါ်သွားပါတယ်။ ၁၀ထပ်မြောက်ငရဲပေါ့။ ဒီငရဲမှာကတော့ ဘာမှထွေထွေထူးထူး မရှိဘူး။ နီရဲပူပြင်းနေအောင်မီးမြှိုက်ထားတဲ့ လူတစ်ကိုယ်စာ လှောင့်ချိုင့်လေးတွေအများကြီးကိုပဲတွေ့ရတယ်။

" ဒီငရဲကတော့ သိပ်ပြီးမထူးခြားဘူးနော် …´´

ကျွန်တော်က အဲဒီ့လိုပြောလိုက်တော့ ဘေးကငရဲသားက …

" ရုတ်တရက်ကြည့်ရင်တော့ ဘာမှမဟုတ်ဘူးပေါ့ကွာ၊ ဒါပေမယ့် အဲဒီ့လှောင့်ချိုင့်လေးတွေက အထူးစီမံထားတာကွ၊ ဒီငရဲကို ရောက်လာမယ့်သူတွေက အဲဒီ့လှောင်ချိုင့်ထဲမှာ နေရမယ်၊ အဲဒီလှောင်ချိုင့်လေးတွေက တဖြည်းဖြည်းနဲ့သေးသေးလာကြပြီး သူတို့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကို အပြင်းထန်ဆုံး ဆွဲညှစ်ကြလိမ့်မယ်။ နောက်ဆုံးမှာ သူတို့ရဲ့ခန္ဓာကိုယ်ထဲအထိ သေးငယ်ကျုံဝင်သွားရင်း သူတို့ရဲ့နှလုံးသားတွေကို တစ်ဆစ်ဆစ် နာကျင်နေစေပြီး လုပ်ခဲ့တဲ့အမှားတွေအတွက် တမြေ့မြေ့နဲ့ နောင်တ ရနေစေလိမ့်မယ်။ အဲဒီ့တော့မှ လှောင်ပိတ်ခံရခြင်းရဲ့ဝေဒနာကို သူတို့ကိုယ်ချင်းစာမိကြလိမ့်မယ်။´´

" ဘယ်လိုလူတွေအတွက်တုန်းဗျ …´´

" ရှင်းပါတယ်ကွာ … လူတွေကို လူလူခြင်း စာနာစိတ် မထားပဲ မထင်ရင်မထင်သလို ဖမ်းဆီး ထောင်ချနေတဲ့သူတွေအတွက်ပေါ့။ ငါတို့လုပ်ချင်တိုင်းလုပ်လို့ရတယ်ဆိုပြီး ဘ၀ပေါင်းများစွာကို လွယ်လွယ်ကူကူနဲ့ ချုပ်နှောင် ဖျက်ဆီးပစ်နေကြတဲ့သူတွေအတွက် အထူးစီမံ ဆောင်ရွက်ထားတဲ့ငရဲပေါ့…´´

ကျွန်တော်ကတော့ သူပြောတာတွေကို နားထောင်နေရင်း သူတို့က တရားသဖြင့် ခံရတာဆိုတော့ မတရား ချုပ်နှောင် နှိပ်စက်ခံရတဲ့ခံစားမှုကိုတော့ ကိုယ်ချင်းစာမိမှာ မဟုတ်ပါဘူးလို့ စဉ်းစားနေမိတယ်။ အဲဒီ့လိုနဲ့ ကျွန်တော်တို့ နောက်ထပ် ငရဲတစ်ခုကို ရောက်သွားပြန်တယ်။ ဒီ ၁၁ထပ်မြောက် ငရဲမှာက ပွက်ပွက်ဆူအောင် ကျိုထားတဲ့ချော်ရည်ပူအိုးကြီးတွေ၊ ရဲရဲတောက်နေအောင် မီးကင်ထားတဲ့ သံဆူးချွန်ကြီးတွေနဲ့ လက်သန်းလုံးလောက်ရှိတဲ့ အပ်နဲ့ အပ်ချည်ကြိုး အကြီးကြီးတွေ အများကြီးကို ပြင်ဆင်ထားတယ်။ ကျွန်တော်လည်း ဘေးနားကငရဲသားကို လှမ်းမေးမယ်အလုပ်မှာပဲ သူက …

" အဲဒီ့ချော်ရည်ပူတွေက လူ့ပြည်မှာလူတကာရဲ့ နားတွေထဲကို မဟုတ်ကဟုတ်က အတင်းအဖျင်းတွေ ဇွတ်ရောအတင်းရော ရိုက်ရိုက်ထည့်နေတဲ့သူတွေရဲ့ နားတွေထဲကို လောင်းထည့်ဖို့၊ ဟောဒီ့မီးကင်ထားတဲ့ သံဆူးချွန်ကြီးတွေက လူတကာရဲ့ မျက်လုံးတွေကို ဘာမှမမြင်နိုင်အောင် အာဏာတွေ၊ ပါဝါတွေသုံးပြီး လိုက်လိုက်ကာဆီးနေတဲ့ လူအချို့ရဲ့ မျက်လုံးတွေကို ထိုးဖောက်ဖို့၊ ဟောဟိုက အပ်နဲ့အပ်ချည်ကြိုးကြီးတွေကတော့ လူတွေကို ဘာဆိုဘာမှ မပြောရဲမဆိုရဲအောင် ချိန်းခြောက်တားဆီးတဲ့အပြင် မှန်တာကို ပြောပြန်ဆိုပြန်ရင်လည်း မတရားတဲ့ နည်းစနစ်တွေသုံးပြီး လူတွေရဲ့ပါးစပ်ပေါက်တွေကို လိုက်လိုက်ပိတ်ပစ်နေတဲ့ အချို့သောသူတွေရဲ့ ပါးစပ်တွေကို အထပ်ထပ်ချုပ်ပစ်ဖို့ပဲ ´´

" လူတိုင်းလူတိုင်းရဲ့အနာဂတ်တွေဆီသွားမယ့် ခြေထောက်တွေကို ရိုက်ချိုးပစ်နေတဲ့သူတွေအတွက်၊ မသန့်စင်တဲ့ အတ္တဆန္ဒတွေ အတွက်နဲ့ လူတကာရဲ့မျှော်လင့်ခြင်း အိပ်မက်တွေကို ရက်ရက်စက်စက် ချနင်းခြေမွပစ်နေတဲ့ သူတွေအတွက်၊ တောမီးလောင်တိုင်း ထထပြီး လက်ခမောင်းခတ်တတ်ကြတဲ့ တောကြောင်တွေအတွက်၊ နောက်ြ့ပီး တက်လာသမျှလူတိုင်းကို တည့်အောင်ပေါင်းပြီး တောင်းစားမယ်ဆိုတဲ့ တသုံးလုံးကျေ လူအချို့အတွက်လည်း ခင်ဗျားတို့တစ်ခုခုစီစဉ်သင့်တယ်ဗျ …´´

ကျွန်တော် အဲဒီ့လိုအကြံပေးတာကို ငရဲသားတစ်ယောက်က သေသေချာချာ လိုက်မှတ်ပြီးတဲ့နောက်မှာ သူတို့က ကျွန်တော့်ကို နောက်ဆုံးငရဲစီကို ခေါ်သွားတယ်။ အ၀ီစိငရဲရဲ့အောက်က လေးထပ်မြောက်ငရဲ တစ်နည်းပြောရရင် ၁၂ထပ်မြောက်ငရဲပေါ့။ ရောက်ပါပြီ …။

ရောက်ရောက်ခြင်းမှာပဲ ချိုင့်တွေ၊ ခွက်တွေ၊ အချွန်အတက်တွေ၊ ပြည့်နေတဲ့လမ်းတစ်ခုရဲ့ တစ်ဘက်တစ်ချက်မှာ သံချွန်တွေ၊ ၀ါးရင်းတုတ်တွေ၊ တင်းပုတ်တွေ၊ မီးမြှိုက်ထားတဲ့ ကျောက်တုံးကျောက်ခဲတွေ စတဲ့စတဲ့ လက်နက်ပေါင်းစုံကိုကိုင်ဆွဲထားတဲ့ ငရဲသားတွေက တန်းစီပြီးရပ်နေကြတဲ့ မြင်ကွင်းကို ကျွန်တော်စပြီး မြင်လိုက်ရတယ်။

အဲဒီ့မြင်ကွင်းကို မြင်လိုက်ရခြင်းမှာပဲ ကျွန်တော့်မျက်စိထဲမှာ မေလ ၃၀ရက်နေ့ဆိုတဲ့ နေ့စွဲတစ်ခုရဲ့ သွေးပျက်ဖွယ်အဖြစ် အပျက်တွေက တစ်ကွက်ပြီးတစ်ကွက် ပေါ်လာကြတယ်။ ယုတ်မာပတ်စက်မှုတံခွန်ကို ထပ်မံစိုက်ထူလိုက်တဲ့ လူ့အန္ဓတို့ရဲ့ သွေးပျက်ဖွယ် နှိပ်ကွပ်မှုတွေကြောင့် အပြစ်မဲ့ လူသားတွေရဲ့သွေးတွေ သမိုင်းမှာစွန်းပေခဲ့တဲ့ နေ့တစ်နေ့အကြောင်းကို ပြန်စဉ်းစားမိနေရင်း ကျွန်တော် မျက်ရည်ဝဲလာတယ်။

" သံသရာဆိုတဲ့ စက်ဝိုင်းမှာ ခြွင်းချက်ဆိုတာ မရှိပါဘူးကွာ …။ ကိုယ်ပြုခဲ့တဲ့အမှုတွေအတွက် တစ်နေ့နေ့မှာ အားလုံး ပြန်ပေးဆပ်ရမှာပါပဲ။ဒီငရဲကို ဘယ်လိုလူတွေ ရောက်လာမယ် ဆိုတာကိုတော့ ငါမပြောပြလဲမင်းသိနေမှာပါ…။

သူတို့တွေ ဒီကိုရောက်လာရင် ဒီလမ်းရဲ့တစ်ဘက်တစ်ချက်က ငရဲသားတွေက သူတို့ကို သံချွန်တွေနဲ့ဝိုင်းထိုး၊ ၀ါးရင်းတုတ်တွေနဲ့ရိုက်၊ ကျောက်ခဲတွေနဲ့ဝိုင်းထု၊ နောက်ပြီး သူတို့ရဲ့ဆံပင်တွေကိုဆွဲပြီး ကြမ်းတမ်းတဲ့လမ်းရဲ့မျက်နှာပြင်တွေနဲ့ ၀ိုင်းဆောင့်ကြလိမ့်မယ်။ ဒါတွေအားလုံးဟာ သူတို့ကိုယ်တိုင်ရွေးချယ်ခဲ့တဲ့ အစီအမံတွေပါ …´´

အဲဒီ့လိုနဲ့ ကျွန်တော်လည်း ငရဲပြည်ရဲ့တိုးချဲ့ဆောင်တွေအကြောင်းကို အားရအောင်လေ့လာ အကြံပေးပြီးတဲ့နောက်မှာ ပြန်တော့မယ်ဆိုပြီး နှုတ်ဆက်ဖို့ ငရဲမင်းကြီးရဲ့ရှေ့ကိုပြန်ရောက်လာခဲ့တယ်။

ငရဲပြည်ရဲ့အသစ်စီမံထားမှုတွေကိုကြည့်ပြီး ကျွန်တော်တကယ့်ကို စိတ်မကောင်းခဲ့ပါဘူး။ အပြစ်တွေကျေရာ ကျေကြောင်း တစ်ခုခုကိုစဉ်းစားနိုင်ရင် ပိုကောင်းလိမ့်မယ်လို့ကျွန်တော်ယူဆမိတာနဲ့ …

" ငရဲမင်းကြီးကို ကျွန်တော် တစ်ခုလောက်မေးချင်ပါတယ်၊ အားလုံးဟာ ကိုယ်ပြုခဲ့တဲ့ အကုသိုလ်ကံတွေအတွက် ပြန်လည်ပေးဆပ်ဖို့ ငရဲကို ရောက်လာကြရမှာ မှန်ပေမယ့် ကြီးတဲ့အမှုကိုငယ်စေ၊ ငယ်တဲ့အမှုကို ပပျောက်စေ ဆိုတဲ့စကားအတိုင်း အဲဒီ့အပြစ်တွေကို သူတို့တွေ ဘယ်လိုများ လျော့ပေါ့ပစ်နိုင်မလဲ ဆိုတာလေးကို ကျွန်တော်သိပါရစေ …´´

ကျွန်တော်က အဲဒီ့လိုမေးလိုက်တော့ ငရဲမင်းကြီးက သူ့ရဲ့မုတ်ဆိတ်မွှေးကြီးကိုပွတ်ပြီး အကြာကြီး စဉ်းစားနေတယ်။ တော်တော်လေးကြာမှ …

" ကံကြမ္မာနဲ့ သံသရာ ဆိုတာကို ရှောင်လွှဲလို့မရပေမယ့်၊ မင်းပြောသလို အတိတ်က အကုသိုလ်ကံတွေကို ပစ္စုပ္ပါန် ကောင်းမှုကုသိုလ်ကံတွေနဲ့ အနည်းအကျဉ်းတော့ ပြန်လည်ဖာထေးလို့ရပါတယ်။ ပေါက်တဲ့နှဖူး မထူးတော့ပါဘူးဆိုပြီး မထူးဇာတ် ခင်းနေမယ့်အစား အခုအချိန်ကတည်းက နောင်တတွေရပြီး အမှန်ကိုပြင်နိုင်ကြမယ်ဆိုရင် အားလုံးအတွက်လည်းအကောင်းဆုံးဖြစ်နိုင် သလို၊ သူတို့တွေအတွက်လည်း အပြစ်တွေကို အတိုင်းအတာတစ်ခုအထိ ပြန်လည်ဆေးကြောရာ ရောက်သွားမှာပေါ့ကွာ …။ အဲဒီ့အကြောင်းကိုလည်း မင်းလူ့ပြည်ရောက်ရင် ပြောပြလိုက်စမ်းပါ။ ´´

အဲဒီ့နောက်မှာတော့ ကျွန်တော်ကို သူတို့က လူ့ပြည်ကို ပြန်ပို့လိုက်ကြတယ်။ ကျွန်တော့်ရဲ့ အဖြစ်အပျက်လေးကတော့ အဲဒါပါပဲ …။ ကျွန်တော်ပြောခဲ့တာတွေဟာ ယုံတမ်းစကားတွေပါလို့ ခင်ဗျားတို့ ယူဆချင်ရင် ယူဆလို့ရပါတယ်။ ဖြစ်နိုင်မဖြစ်နိုင် သေသေချာချာစဉ်းစားပြီး ယုံကြည်လိုက်လို့လည်းရပါတယ်။

ကျွန်တော်ကတော့ ငရဲမင်းကြီး အမိန့်ရှိလိုက်တဲ့အတိုင်း အားလုံးသိအောင် ပြန်ပြောပြရုံသက်သက်ရယ်ပါ။ ရဲသော်မသေ သေသော်ငရဲမလား ဆိုတဲ့စကားကို လက်ကိုင်ထားပြီး ကျွန်တော်ပြောပြတာတွေကို လစ်လျှူရှုပစ်မယ်ဆိုရင်လည်းကျွန်တော်က ဘာမှမတတ်နိုင်ပါဘူး …။ ။

ရေးသားသူ – နေဘုန်းလတ် at Wednesday, July 25, 2007

မူရင်း- ကျွန်တော် လွတ်ကျခဲ့တဲ့ မြို့တော်

Shared from Ye Thurein Min

Free all political prisoners immediately ......Song...>>>> http://www.facebook.com/notes/san-maung/-/181056961907141#!/video/video.php?v=140363726019235&comments&notif_t=like




နေဘုန်းလတ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏တရားဝင်ရပ်တည်မှု့ကိုကာကွယ်ကြ...........

by San Maung on Monday, December 13, 2010 at 6:50am

အမေရိကံပြည်ထောင်စု၊နယူးရောက်ပြည်နယ်၊ဘတ်ဖဲလိုးမြို့တွင် ယနေ့ ( ၁၂-၁၂-၂၀၁၀ ) တွင် နိုင်ငံရေး အခမ်းနားတစ်ခုကျင်းပခဲ့ပါသည်။ အခန်းနားကျင်းပရခြင်း၏ရည်ရွယ်ချက်မှာ--------

          အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည်……..

-       ရွှေးကောက်ပွဲကော်မရှင်တွင်တရားဝင် ဥပဒေနှင့်အညီမှတ်ပုံတင်ပြီးခဲ့သော နိုင်ငံရေးပါတီတခုဖြစ်သည်။

-       ၁၉၉၀ ပါတီစုံဒီမိုကရေစီရွှေးကောက်ပွဲတွင် ရာခိုင်နှုန်း ၈၀ ကျော်ဖြင့် အနိုင်ရရှိခဲ့ပြီးသော တရားဝင်နိုင်ငံရေးပါတီတခုဖြစ်သည်။

-       ယခုအခါတွင် နအဖ စစ်အာဏာရှင်များသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏တရားဝင်ရပ်တည်မှု့ကိုပျက်ပြယ်ရန် ရန်ပြုခြိမ်းခြောက်လာပြီဖြစ်သည်။

ကျွှနုပ်တို့ ဘတ်ဖဲလိုး ဒီမိုကရက်တစ်အင်အားစုများအနေဖြင့် အထက်ဖော်ပြပါ အချက်များအရ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏တရားဝင်ရပ်တည်မှု့ကို အစွမ်းကုန်ကာကွယ်ရန်တာဝန်ရှိသည်ဟုယုံကြည်မိပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ပါတီဝင်များ၏ ပါတီဖြစ်ယုံမျှမက လူထုပါတီတခုဖြစ်သည်ဟုလည်းအကြွင်းမဲ့ယုံကြည်သည်။

လွတ်လပ်ရေးကြိုးစားပမ်းမှု့အချိန်ကာလက ( ဖဆပလ ) ဖက်ဆစ်တိုက်ဖျက်ရေးပြည်သူ့လွတ်မြောက်ရေးအဖွဲ့သည် လူထုရှေ့ဆောင် ၊ လူထုပါတီတခုအဖြစ် တပ်ဦးမှ လွတ်လပ်ရေးကို ရယူရန် ဆောင်ကျဉ်းပေးနိုင်သော ပါတီတခုဖြစ်သကဲ့သို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည်လည်း အမိမြန်မာနိုင်ငံ ဒီမိုကရေစီနှင့်လူ့အခွင့်ရေးလွတ်မြောက်မှု့တိုက်ပွဲတွင် လူထုရှေ့ဆောင်၊တပ်ဦးပါတီတခုအဖြေစ် ယုံကြည်ထားပါသည်။

ထို့ကြောင့် ကျွှန်ပ်တို့အနေဖြင့် မြန်မာပြည်သူ ပြည်သားများအပါဝင် နိုင်ငံတကာရောက် ဒီမိုကရက်တစ်အင်အားစုများကို အထူးတိုက်တွန်းလိုသည်မှာ...

-       အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏တရားဝင်ရပ်တည်မှု့ကို ကာကွယ်ကြ ဟူသောဆောင်ပိုဒ်ကိုကိုင်စွဲပြီး ကျွှန်ပ်တို့နှင့်အတူဆက်လက်တိုက်ပွဲဝင်သွားကြရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။                                                            

ဘတ်ဖဲလိုး

ဒီမိုကရက်တစ်အင်အားစုများ                                                                                          

အမေရိကံပြည်ထောင်စု



တပ်မတော်သားအဖြစ် ဂုဏ်မယူလိုတော့ပါ

by Kashmira Kash on Sunday, December 12, 2010 at 11:43pm

ကရင်ပြည်နယ် ကော့ကရိတ်မြို့အခြေစိုက် အမှတ် ၃၁၂ အမြောက်တပ်ရင်းမှတပ်စုမှူး ဗိုလ်ရဲထက် ဟာ မေမြို့ စစ်တက္ကသိုလ် မဟာသိပ္ပံ ပထမနှစ်တက်နေရင်းမြန်မာစစ်အစိုးရဲ့ လုပ်ရပ်တွေကို မခံစားလာနိုင်တဲ့ အတွက် ထိုင်းမြန်မာနယ်စပ်တနေရာကို ဇန်န၀ါရီလလယ် လောက်မှာ ထွက်ပြေးလာပါတယ်။ ယနေ့မြန်မာစစ်တပ်ထဲမှာ ဖြစ်ပျက်နေတာတွေနဲ့ပတ်သက်ပြီး ဧရာဝတီမဂ္ဂဇင်းက တွေ့ဆုံမေးမြန်း ဖော်ပြလိုက်ပါ တယ်။

မေး။ ။ ဗိုလ်ရဲထက် အနေနဲ့ ဘာကြောင့် မြန်မာ့ တပ်မတော်ကနေ ထွက်ပြေးလာရတာလဲ။

ဖြေ။ ။ လက်ရှိနိုင်ငံတော်မှာ ဖြစ်နေတဲ့အနေအထားစီးပွားရေးအရပြည်သူလူထုတွေအရမ်းကြပ်တည်း နေ တယ်။ နောက်ပြီး လူမှုရေး၊နိုင်ငံရေးအရလည်း နိုင်ငံမှာအများကြီးချွတ်ယွင်းနေတယ်။ ဒီလိုကဏ္ဍပေါင်းစုံ ချွတ်ခြုံကျနေတဲ့ အနေအထားမှာ စစ်အစိုးရက ကာကွယ်ရေး၊လက်နက်ပစ္စည်းအတွက်ပဲ ဦးစားပေးပြီး လုပ်နေတဲ့ အနေအထားမျိုးတွေဖြစ်နေတယ်။ဒီအပေါ်မှာ တပ်မတော်သားတယောက်အနေနဲ့ကတော့သုံးမယ့်လက်နက်ပစ္စည်းခေတ်မီလာတယ်၊ ကမ္ဘာနဲ့ရင်ပေါင်တန်းလာနိုင်လာတဲ့အပေါ်မှာ၊ ကာကွယ်ရေး ကဏ္ဍတွေတိုးတက်လာတဲ့အပေါ်မှာဂုဏ်ယူသဘောကျတယ်။ ဒါပေမယ့်စစ်ကဏ္ဍ၊ ကာကွယ်ရေးကဏ္ဍ တခု တည်း တိုးတက်လာရုံနဲ့တိုင်းပြည်တိုးတက်ဖို့ဆိုတာမဖြစ်နိုင်ဘူး။ ကဏ္ဍပေါင်းစုံတိုးတက်ရမယ်ပြည်သူလူထု ရဲ့ လူနေမှုအဆင့်အတန်း၊ ပညာရေး၊ စီးပွားရေး၊နိုင်ငံရေးတိုးတက်မှသာ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတနိုင်ငံအဖြစ်ရပ်တည်နိုင်မှာဖြစ်တယ်။ ဒါကြောင့်မိမိအဖွဲ့အစည်းတိုးတက်မှုတခုတည်းအတွက် မကြည့်ဘဲနဲ့တိုင်းပြည်နဲ့လူမျိုးအပေါ်မှာ အားလုံးကိုဖြစ်စေချင်တဲ့ရည်ရွယ်ချက်နဲ့အဲ့ဒီအပေါ်မှာအမြင်မတူတဲ့ အနေ အထားနဲ့ အဓိကထွက်လာရတယ်။

နောက်ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တဲ့ တပ်မတော်ဟာဒီနိုင်ငံ၊ဒီလူမျိုးတွေရဲ့ကိုးကွယ်ရာ၊ အားထားရာဖြစ် တယ်။ ဒီလိုမှမဟုတ်ဘဲနိုင်ငံသူနိုင်ငံသားတွေရဲ့ရွံစရာ၊ မုန်းတီးစရာတွေဖြစ်လာတယ်ဆိုရင် တပ်မတော်ဖွဲ့စည်းထားတာဟာအလကားပဲလို့ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းမကျဆုံးခင်မှာခဲ့တဲ့စကားလည်း ရှိတယ်။ ဒီဘက်ခေတ်နောက်ပိုင်းတပ်မတော်ရဲ့ကဏ္ဍတွေမှာ စစ်သားဆိုတာ အမိန့်အရလုပ်ဆောင်ရတာ တွေရှိတယ်။ဒီအပေါ်မှာ စစ်အစိုးရရဲ့မူဝါဒကို လိုက်လံအကောင်အထည်ဖော်ပြီးအမိန့်ကိုနာခံရတဲ့စစ်သားနဲ့၊ အောက်ခြေစစ်သည်တွေနဲ့ ပြည်သူ့အကြားဖြစ်လာတဲ့အနေအထားမှာ ပြည်သူက အစိုးရရဲ့ လုပ်ရပ်လို့မမြင် ဘဲတပ်မတော်ရဲ့လုပ်ရပ်လို့မြင်လာတယ်။ ပြည်သူနဲ့တပ်မတော်ဟာ တသားတည်းမဖြစ်တော့ဘူး။ ပြည်သူ ကမွေးထုတ်ပေးလိုက်တဲ့ တပ်မတော်သားတွေဟာပြည်သူ့အတွက်မဟုတ်တော့ဘဲ စစ်အစိုးရ အတွက်ပဲ လို့ ကျနော့်အနေနဲ့မြင်တယ်။ဒီတော့ပြည်သူရဲ့ အော့နှလုံးနာစရာဖြစ်နေတဲ့ တပ်မတော်မှာ ကိုယ့်ကိုယ်ကိုယ်တပ်မတော်သားတယောက်လို့ ဂုဏ်ယူပြီး မနေချင်တော့ဘူး။ ဒါကြောင့် ထွက်လာရတာပါ။

မေး။ ။ ဒီကနေ့ တပ်မတော်ထဲမှာ ဘာတွေဖြစ်နေကြလဲ။နေ့စဉ်ကြုံတွေ့နေရတဲ့ပြဿနာတွေကို ရှင်းပြပေး ပါ။ တပ်မတော်မှာ အရာရှိနဲ့အခြားအဆင့် ရဲဘော် အကြပ်တွေနဲ့ ကွာဟတာတွေရှိတယ်ကြားရတယ်။ အဲဒါလည်းပြောပြပေးပါ။

ဖြေ။ ။ ဥပမာ တရားစီရင်ရေးအာဏာမှာ တပ်ရင်းမှူးတယောက်မှာတပ်နဲ့ပါတ်သတ်တဲ့အာဏာသုံးရပ် ကိုင်စွဲ ပိုင်ခွင့်ရှိတယ်။ဒီနောက်ပိုင်းမှာ မရှိတော့ဘူး။ တပ်ရင်းမှူးအဆင့်မှာ သူ့ရဲ့အာဏာနဲ့တပ်ပိုင်းဆိုင်ရာကို အုပ် ချုပ် ပိုင်ခွင့်မရှိတော့ဘူး။ တပ်ရင်းမှူးအဆင့်တောင်ဒီလိုဖြစ်နေတယ်ဆိုရင် ကျန်တဲ့ကျနော်တို့လို အရာရှိငယ် တွေမှာလည်းမရှိတော့ဘူး။ ဒါ့အပြင်တချို့ရာခိုင်းနူန်း တော်တော်များများတပ်ရင်းမှူးတွေက သူတို့ရဲ့လက် အောက်မှာ သူတို့အကျိုးစီးပွားကိုဖြစ်စေမယ့်စစ်သည်လူတရာမှာ ငါးယောက်လောက်ကို လက်သပ် မွေးတဲ့ ပုံစံမျိုးတွေလုပ်တယ်။သူတို့ရဲ့ အကျိုးစီးပွားကိုပဲကြည့်ပြီး ကျန်တဲ့စစ်သည်၊ရဲမေတွရဲ့အကျိုးစီးပွားကို မကြည့်တော့ဘူး။ သူတို့ကိုယ်ကျိုးအတွက်ပဲဒီစစ်သည်တွေနဲ့ အလုပ်လုပ်သွားတဲ့အနေအထားတွေရှိတယ်။ ဒီလိုအချိန်မှာကျနော်တို့အရာရှိငယ်တွေနဲ့ ကျန်တဲ့စစ်သည်တွေဟာကြားထဲမှာဘာမှသုံးလို့မရတဲ့ အနေ အထားတွေ ဖြစ်နေတယ်။ ဒီတော့အထက်လူကြီးတွေကအောက်ခြေရဲ့အခက်အခဲကို နားလည် မပေးနိုင်တော့ တဲ့ အနေအထားတွေ၊အဲ့ဒီလိုအချိန်မှာ အောက်ခြေကလည်း မကျေနပ်ချက်တွေရှိတယ်။ ဒါပေမယ့် စစ်သားဖြစ်နေတဲ့အတွက် အမိန့်ကို နာခံရမယ်ဆိုတဲ့ ကဏ္ဍတခုတည်းနဲ့အောင့်အည်းသီးခံပြီး နေရတဲ့ အနေအထား မျိုးတွေရှိတယ်။

မေး။ ။ ယနေ့ မြန်မာ့ တပ်မတော်မှာ တပ်ထဲဝင်ချင်တဲ့သူနဲ့ထွက်ချင်တဲ့သူဆို ထွက်ချင်တဲ့သူတွေက များတယ်လို့ ကြားသိရပါတယ်။ တပ်ထဲကထွက်ချင်ရသူတွေအကြောင်းလည်းပြောပြပါဦး။

ဖြေ။ ။ ကျနော်တို့ ဒီ တပ်မတော်ကနေ အငြိမ်းစားယူချင်တယ်။ ထွက်ချင်တဲ့အရာရှိစစ်သည်တွေအများကြီး ရှိတယ်။ အသက်ကြီးလို့ ထွက်ချင်တဲ့လူတွေမဟုတ်ပါဘူး။ ကျနော်တို့ အရာရှိငယ်ထဲမှာပဲ တပ်ကထွက်ရရင် ပြီးရောဆိုပြီးတော့လုပ်နေကြတဲ့ကဏ္ဍတွေ အများအပြားရှိတယ်။ ဟိုတခါတည်းနဲ့ထွက်လို့မရရင်တောင် အရပ်ဘက်ကိုပဲ ဖြစ်ဖြစ်ပြောင်းမယ်။အဓိကဒီတပ်ကထွက်ရရင်ပြီးရောဆိုတဲ့ ခံစားချက်တွေများတယ်။အခြားအဆင့်တွေထဲမှာဆိုပိုဆိုးပါတယ်။ ကျနော်နေခဲ့တဲ့တပ်မှာဆိုရင် ဆေးဘုတ်ရသူကအနားယူသွားရရင် ဒီ တပ်ကနေထွက်ခွင့်ရပြီ။ ထွက်မိန့်လည်းကျပြီ။ဒါပေမယ့်တပ်မှာလိုလို့ ဆိုပြီးတော့ခေါ်သုံးထားတယ်။ အဲ့ဒီလိုအနေအထားမျိုးတွေရှိတယ် အဲဒီတော့သူ့ကိုဒီလိုခေါ်သုံးတဲ့အတွက်ကော လက်ရှိလစာပေးလားဆိုတော့ ဒါတွေကလည်းပြောမယ်ဆို သူ့ကိုအထက်က အမိန့်ချထားတဲ့အတွက်လစာမရတော့ဘူး။ ဒါပေမယ့် တပ်ရင်းမှူးကနေ ခေါ်သုံးထားတဲ့ အနေအထားမျိုးတွေရှိတယ်။ အဲဒီတော့အားလုံးလိုလိုက ဒီတပ် ကနေထွက်ချင်နေကြတဲ့ အနေအထားမျိုးမှာထွက်ပြီးသွားတဲ့လူတောင်မှ လိုအပ်ချက်အရဆိုပြီး ဆွဲသုံးခံနေ ရတယ်ဆိုတော့ကျန်တဲ့မထွက်ရသေးတဲ့လူတွေကိုလည်း တော်တော်နဲ့တော့အခုနောက်ပိုင်းမှာထွက်ခွင့် မပေးတော့ဘူး။ ဘာကြောင့်လဲဆိုရင်တော့ ကျနော့်ထင်မြင်ယူဆချက်အရဆိုရင် လက်ရှိတပ်မတော်က တပ်အင်အားတွေ အများကြီးတိုးချဲ့ဖွဲ့စည်းလိုက်ပြီးတော့ နောက်ထပ် တပ်သားသစ်စုဆောင်းရရှိမှုမှာ နည်းတယ်။ အဲ့ဒီပြင် ဒီလိုလွယ်လင့်တကူထွက်ခွင့်မရတဲ့ အခါကျတော့ကျနော်တို့အင်အား ပြုန်းတီးမှုပေါ့။ တပ် ပြေးတွေဖြစ်တယ်။ ထောင်တွေကျတယ်အဲ့ဒီလိုမျိုးတွေဖြစ်ပြီးတော့ အင်အားပြုန်းတီးမှုနဲ့ ဒီစစ်သည် စုဆောင်းရရှိမှုက level ကျတယ်။ တခါတလေမှာ ပြုန်းတီးမှုကပိုများတယ်။

အဲ့ဒီလို အနေအထားမျိုးတွေရှိ တော့ သူတို့ကရှိပြီးသား လူတွေကိုထပ်မထွက်စေချင်ဘူး။ တချို့တပ်တွေ ဆိုရင် ဥပမာထွက်ချင်ရင်အသစ် ၅ယောက်ရှာပေး၊ အဲ့ဒီလိုအနေအထားမျိုးတွေနဲ့ ကြုံရတဲ့ဟာမျိုးတွေ ရှိတယ်။အဲ့ဒီတော့သူတို့ကလည်း ရှာပေးဆိုတော့ ထွက်ရရင်ပြီးရောဆိုပြီး ဖြစ်လာကြတယ်။အဲ့ဒီမှာပဲတွေ့ တဲ့ လူကိုခေါ်သွင်း ဘာညာ အဲ့ဒီလို မျိုးတွေပေါ့။ အဲ့ဒီတော့ဒီတပ်ကထွက်ချင်ကြတာက အဓိကတခြားတော့ မဟုတ်ဘူး။ ကိုယ့်ရဲ့ရှိတဲ့အဆင့်အတန်းပေါ်မူတည်ပြီးမှ လုပ်ပိုင်ခွင့်တွေမရှိတော့ဘူး။ လုပ်ပိုင်ခွင့်ဆိုတာကအခုလုပ်နေတဲ့အစိုးရ ဒီဗိုလ်ချုပ် တွေလုပ်နေသလိုမျိုးသူတို့ရဲ့လုပ်ပိုင်ခွင့်ကိုပြောတာမဟုတ်ဘူး။ ကျနော်တို့ဒီတပ်ပိုင်းဆိုင်ရာအထက် အောက်ကို အာဏာနဲ့လုပ်တာ။ ဒီတပ်တွင်း တကယ့်စည်းကမ်းပြည့်ဝတဲ့တပ်မတော်တရပ်ရဲ့လုပ်ပိုင်ခွင့်ကို မရှိတော့တဲ့အနေအထားမျိုး ဖြစ်နေတယ်။

မေး။ ။ မေမြို့စစ်တက္ကသိုလ် တက်ခဲ့တဲ့ အတွေ့ကြုံတွေကို ပြောပြပေးပါ။

ဖြေ။ ။ ကျနော်စစ်တက္ကသိုလ် အပတ်စဉ် ၅၀ က ကျောင်းပြီးခဲ့တာပါ။ကျောင်းတက်ခဲ့တုန်းက ကျနော်တို့ ဒီဗိုလ်လောင်းဘဝမှာ စီနီယာ၊ဂျူနီယာအုပ်ချုပ်မှုစနစ်ရှိတယ်။ စီနီယာ၊ဂျူနီယာအုပ်ချုပ်မှုမှာ အပြစ်ပေး၊အရေးယူတဲ့ဟာတွေကို သဘောလည်းကျပါတယ်။ သဘောကျတယ်ဆိုတာက ဘယ်လို သဘောကျလဲ ဆိုရင် ဒီအပြစ်တခုအတွက် ရုံးတင်လိုက်ရင် သူ့ဘဝထဲကနေပေးရမှာ။ ဥပမာထားပါတော့ဆေးလိပ်မသောက်ရဆိုတဲ့ဟာကို ကျနော်ကဆေးလိပ်သောက်တယ်။ ဒီဟာကို စီနီယာနေသူကအပြစ်မပေးဘဲနဲ့ရုံးတင်လိုက်ရင် ကျနော်အမှတ်လျော့မယ်။အမှတ်လျော့သွားရင် သူများထက်ကျနော်နောက်ကျမယ်။ အမှတ်နည်းသွားမှာဖြစ်တဲ့အတွက် ဒါဘဝထဲကပေးရတယ်လို့ကျနော်တို့သုံးနှုန်းတဲ့အသုံးအနှုန်းဖြစ်တယ်။ အဲ့လိုဘဝထဲက မပေးရအောင်မြင့်တဲ့စီနီယာကနေသူ့ကို ထိုက်သင့်တဲ့အပြစ်ပေးတယ်။ အဲ့ဒါမျိုးတွေပေါ့။ အဲ့ဒီထဲမှာမှ တချို့က ဘယ်လိုမျိုးတွေလုပ်လာသလဲဆိုတော့ ဥပမာကျနော်တို့တပ်စုရဲ့ အပတ်စဉ် အထက် စီနီယာတွေက ကျနော်တို့ကိုစာမေးပွဲနီးတာကို စာမကျက်ဘူးပြီးတော့ Position ဒီတပ်စုရဲ့ Transition ကိုမထိန်းဘူးဆိုတဲ့အနေအထားမျိုးနဲ့ ကျနော်တို့စာမေးပွဲပြီးတော့တပ်စုတစုလုံးကို စီနီယာ အစ်ကိုကြီးတွေ က အပြစ်ပေးတာပေါ့။အပြစ်ပေးတယ်ဆိုတာလည်း သူတို့က စေတနာနဲ့အပြစ်ပေးတာပါ။ အဲ့ဒီမှာ တခြားတပ်စုက စီနီယာတွေက မဆီမဆိုင်ဝင်ပြီးအပြစ်ပေးတာတွေ ရှိတယ်။အပြစ်ပေးတဲ့အချိန်မှာ ကျနော်ဆိုရင်ပဲ တောလျှောက်နေတဲ့အချိန်မှာ နောက်ကနေစတီးရိုးနဲ့ အရိုက်ခံရတယ်။ ဒါမျိုးတွေပေါ့။ ဆိုလိုတာက သူ့ အနေနဲ့ကျနော့်ကိုအမြင်မတော်ဘူးထင်ရင်တောင် စီနီယာကောင်းစိတ်ဓာတ်အနေနဲ့ကျနော်တို့တပ်စုကိုအပြစ်ပေးပြီးတဲ့အချိန်မှ ကျနော့်ကိုသီးခြားခေါ်ပြီးအပြစ်ပေးရင်ကျနော်လက်ခံနိုင်တယ်။ တပ်စုကအပြစ်ပေးတဲ့အချိန်မှာဝင်ပြီးတော့ အပြစ်ပေးတာလည်းမဟုတ်ဘူး။ သူများပေးတဲ့ဟာကိုကောင်းကောင်းလိုက် မလုပ် ဘူးလားမင်းက Fighter လားတို့ ဘာတို့ဆိုတဲ့အနေအထားမျိုးနဲ့ ရိုက်နှက်တာကြတော့ မဖြစ်သင့်ဘူးလို့ ကျနော်ထင်တယ်။

မေး။ ။ တာဝန်ထမ်းဆောင်စဉ် အခက်အခဲ ကြုံတွေ့ခဲ့တာတွေကိုလည်းပြောပြပါဦး။

ဖြေ။ ။ စစ်တပ်ထဲမှာ တာဝန်ထမ်းခဲ့တာ မနိုင်ဝန် ထမ်းနေရသလိုပဲ။လက်ရှိတပ်မတော်မှာက တပ်ခွဲမှူးဆိုတဲ့ ရာထူးက တကယ်တော့ ဗိုလ်မှူးအဆင့်။စီနီယာကျတဲ့ ဗိုလ်မှူးကမှ ဌာနချုပ်တပ်ခွဲမှူး။ အဲဒီ ဌာနချုပ်တပ်ခွဲမှူး ကမှတပ်ရင်းမှူးသင်တန်းတွေတက်ပြီးမှ တပ်ရင်းမှာ 2 IC ခေါ်တဲ့ဒုတပ်ရင်းမှူးဖြစ်တာ။ တကယ်မှာတော့ နှစ်ပွင့် ဗိုလ်လောက်နဲ့တပ်ခွဲမှူးရာထူးတွေ ကိုင်ထားရတယ်။ လူအင်းအားမပြည့်ဘူးပေါ့။ လူအင်းအားအရတော့ ဘာမှမဖြစ်ပေမယ့် ကိုင်လိုက်တဲ့ ရာထူးကတော့ မမျှဘူးပေါ့။အခုနောက်ပိုင်းမှာ လေ့ကျင့်ရေး ကျောင်းတွေက စာထုတ်ထားတာရှိတယ်။ ဒါကတော့လက်ရှိ မိမိအဆင့်ရဲ့ တဆင့်မြင့်တာဝန်ကို ထမ်း ဆောင်နိုင်ရမယ် မိမိရဲ့အထက်နှစ်ဆင့်မြင့်တာဝန်ကို နားလည်နိုင်ရမယ် လိုအပ်ရင်ထမ်းဆောင်ရမယ်လို့ညွှန်ကြားထားတယ်။ ကျနော်ဆိုရင် တပ်စုမှုး နှစ်ပွင့်ဗိုလ် ကျနော့်ရဲ့တဆင့်မြင့်တာဝန်က တပ်ခွဲမှူး တာဝန်ကို ထမ်းဆောင်နိုင်ရမှာဖြစ်တယ်။ဒါ့အပြင် နှစ်ဆင့်မြင့် တာဝန်က ဒု တပ်ရင်းမှူး။ တကယ်လို လိုအပ်လာရင် လည်းကျနော် နှစ်ပွင့် တပ်စုမှူးက ဒုတပ်ရင်မှူးအဆင့်အထိတာဝန်ထမ်းဆောင်နိုင်ရမယ်လို့ ဆိုလိုထားတာ။ တချိန်တည်းမှာပဲလူအင်းအားမပြည့်တော့ ဘာမှ မလုပ်နိုင်ဘူး။ တပ်ခွဲတခွဲမှ လူအင်အား ၃၀ ဆိုတာအများ ဆုံးပဲ။ တပ်ရင်းတရင်းမှာ လူ ၁၅၀ ဟာအများဆုံးပဲ။

မေး။ ။ စစ်ပညာတော်သင်တွေ နိုင်ငံခြားကိုလွှတ်တယ်လို့ ကြားတယ်။ဘယ်နိုင်ငံတွေကိုများ လွှတ်ထားတာ ရှိလဲ။

ဖြေ။ ။ စာပေပညာနဲ့တော့ ရုရှားကို လွှတ်တယ်။ စစ်ဘက်ဆိုင်ရာနဲ့တော့အစ္စရေး၊ ယူကရိန်း၊ တရုတ်၊ မြောက်ကိုရီးယား၊ ပါကစ္စတန် တို့ကို လွှတ်ပါတယ်။အရာရှိရော အခြားအဆင့် အကြပ်ကြီးတွေလည်း ပါတယ်။ ယူကရိန်းကို သံချပ်ကားတပ်ကလူတွေကိုလွှတ်တယ်။ အမြောက်နဲ့ပတ်သတ်တဲ့ စစ်ပညာကိုတရုတ်၊ မြောက်ကိုရီးယား၊ ပါကစ္စတန်တို့ကိုလွှတ်ပါတယ်။

မေး။ ။ တပ်မတော်က အရာရှိငယ်တယောက်ရဲ့ ခံစားချက်ကို ပြောပြပါ။

ဖြေ။ ။ ကျနော်တို့က ပင်ပန်းဆင်းရဲတာကို ခံနိုင်တယ်။ အရင်တုန်းကလွတ်လပ်ရေး စယူတုန်းက ကျနော် တို့ ရှေ့က တပ်မတော်သားတွေဟာလွတ်လပ်ရေးအတွက် တိုက်တယ်။ ဘယ်လိုပဲ ပင်ပန်း ပင်ပန်းခံနိုင် တယ်။ကျနော်တို့ ဗိုလ်ချုပ်တွေက ပြောတယ်။ မင်းတို့တွေကံကောင်းပါတယ်။ကံကောင်းလားဆိုတော့ အဲဒါ မှန်ပါတယ်။ သူတို့လိုမျိုး အသက်နဲ့ရင်းပြီးလုပ်ခဲ့တာ တိုက်ခဲ့တာ တခါမှမရှိခဲ့ဘူး။ ကံဆိုးတယ်လို့ လည်း ပြောလို့ရတယ်။ကျနော်တို့ တပ်မတော်ကိုရောက်တဲ့အချိန်မှာ စစ်တပ်ထဲမှာအရာရှိဖြစ်တဲ့အချိန် ပြည်သူက တပ်မတော်ကို မုန်းနေပြီ။ဘာကြောင့်မုန်းတယ်ဆိုတော့ တပ်မတော်ကို မုန်းတာမဟုတ်ဘူး လက်ရှိ တပ်မတော်ရဲ့ လုပ်ရပ်ကိုမုန်းတာ။ ဒါက ဘာကိုသက်ရောက်လည်းဆိုတော့ စစ်တပ်ကအစိုးရခိုင်းတော့ လုပ်ရ တယ်။ ကျနော်တို့နိုင်ငံကို ကြည့်တော့ အစိုးရက စစ်ယူနီဖောင်း ၀တ်ထားကြတယ်။ကျနော်တို့နိုင်ငံက ပြည်သူက အစိုးရနဲ့စစ်တပ်ကို မခွဲတတ်အောင်လုပ်ထားတယ်။စစ်တပ်က တိုင်းပြည်ကို အနှစ် ၄၀ လောက်အုပ်ချုပ်နေ တယ်။ သူတို့မျက်စိထဲမှာ စစ်တပ်ကလည်း ယူနီဖောင်းဝတ်ထားတယ်။ အုပ်ချုပ်သူလည်းယူနီဖောင်းဝတ် ထားတယ်။ လုပ်တဲ့လူကလည်း ယူနီဖောင်းဝတ်ထားတယ်။အတူတူလို့ထင်တယ်။ စစ်တပ်ထဲကြည့်ပြန်တော့ လည်း အခြားအဆင့် အကြပ်စစ်သည်တွေစီးပွားရေးကြပ်တည်းနေကြတယ်။ စစ်သည်တော်တော်များလည်း လစာထုပ်ရင် လစာကိုအကုန် မကိုင်ကြရတော့ဘူး။ အရင်လက အကြွေးတွေကို ဆပ်လိုက်ရလို့ဗျာ ...