Monday, February 21, 2011

တိုကျိုတွင် ကျင်းပပြုလုပ်သည့် (၆၃) နှစ်မြောက် ချင်းအမျိုးသားနေ့

၂၀၁၁ ခုနှစ် ဖေဖေါ်ဝါရီလ(၂၀)ရက်။

   More Photos
ချင်းတိုင်းရင်းသားများ အဖွဲ့အစည်း(ဂျပန်) Chin National Community –Japan မှ ဦးစီး၍(၆၃)နှစ် မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို ယနေ့ ၂၀၁၁ခုနှစ်ဖေဖော်ဝါရီလ ၂၀ရက်နေ့တွင် ဂျပန်နိုင်ငံ၊တိုကျိုမြို့ နိရှိရှီနာဂါဝ အရပ်ရှိ ရှီနာဂါဝချူးရှော ခိဂယော စင်တာ ၃ထပ်တွင် ကျင်းပခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ ဂျပန်သတင်း မီဒီယာများ၊ မြန်မာ့အရေးကို စိတ်ဝင်စားသော ဂျပန်လူမျိုးဧည့်သည်တော်များ၊ နိုင်ငံခြားသား ဧည့်သည်တော်များ ၊တိုင်းရင်းသား အဖွဲ့အစည်းအသီးသီးမှ ဧည့်သည်တော်များ ၊ဒီမိုကရေစီ အင်အားစုများ စုစုပေါင်း ဧည့်ပရိသတ် ၂၀၀ ကျော် တက်ရောက်ခဲ့ပါသည်။

အခမ်းအနားကို ညနေ ၆နာရီတွင် စတင်ဖွင့်လှစ်ခဲ့ပြီး သဘာပတိမှ အဖွင့်အမှာစကားပြော ကြားခဲ့ပါသည်။ဆက်လက်ပြီး ချင်းတိုင်းရင်းသားများ အဖွဲ့အစည်း(ဂျပန်)၏ဥက္ကဌ ဒေါ်ကျင်လန်းလွန် မှ ချင်းအမျိုးသားနေ့ဆိုင်ရာ မိန့်ခွန်း ပြောကြား၍ အတွင်းရေးမှူး ကျင်ဟောက်လွန်းမှ (၆၃)နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ် ကြေငြာစာတမ်းကို ဖတ်ကြားခဲ့ပါသည်။

အဆိုပါ ကြေညာချက်တွင် ဒုတိယပင်လုံခေါ် ၂၁ရာစု ပင်လုံညီလာခံ ပေါ်ပေါက်ရေးကို ထောက်ခံကြောင်း၊ နိုင်ငံရေး အကျဉ်းသားများအားလုံး လွှတ်ပေးရန်နှင့် တွေ့ဆုံ ဆွေးနွေးရေး နည်းလမ်းဖြင့်နိုင်ငံရေး ပြဿနာများကို ဖြေရှင်းရန် တောင်းဆိုကြောင်း ၊ ပင်လုံစာချုပ်ပါ အနှစ်သာရများကို ပစ်ပယ်ထားသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အခြေခံသော ၂၀၁၀ ရွေးကောက်ပွဲအရ ဖွဲ့စည်းလိုက်သော အစိုးရသစ်သည် ပြည်သူများနှင့် တိုင်းရင်းသားများကို ကိုယ်စားပြုသော အစိုးရမဟုတ်ကြောင်း၊ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲပြီး ငြိမ်းချမ်းစွာ တိုးတက်နိုင်ရေးအတွက် လက်ရှိအမည်ခံ အစိုးရသည် အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ တွေ့ဆုံ ဆွေးနွေးရေး နည်းလမ်းဖြင့် နိုင်ငံရေး ပြဿနာများကို ဖြေရှင်းရန် တိုက်တွန်းကြောင်း၊ ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေး၊ တန်းတူ အခွင့်အရေး ရှိသော ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် ဒုတိယပင်လုံ(ခေါ်)၂၁ရာစု ပင်လုံ သဘောတူညီမှု ပေါ်ထွန်းသည်အထိ တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း စသည့်အချက်များ ပါရှိပါသည်။ ထို့နောက် ဧည့်သည်တော် မစ္စတာဝါတာနဘေး ခေါ် ဆရာဦးရွှေဘနှင့် မစ္စတာ ခုမခိရိ တခု တို့မှ ချင်းတိုင်းရင်းသားများ အရေးနှင့် ပတ်သက်၍ ဆွေးနွေး ပြောကြားခဲ့ကြပါသည်။ အထူးအစီအစဉ် အနေဖြင့် ချင်းတိုင်းရင်းသားများ အဖွဲ့အစည်း(ဂျပန်)မှ ဂုဏ်ပြုလွှာသည့် အစီအစဉ်များကို ပြုလုပ်ခဲ့ပါသည်။

ဆက်လက်ပြီး ရိုးရာယဉ်ကျေးမှု တေးဂီတ တင်ဆက်ဖျော်ဖြေခြင်း၊ ချင်းရိုးရာ ဝတ်စားဆင်ယင်မှု ပြသခြင်း အစီအစဉ်များကို ပြုလုပ်ခဲ့ပြီး တက်ရောက်လာသော ပရိသတ်များနှင့်အတူ ချင်းရိုးရာ စုပေါင်းအကဖြင့် ညကိုးနာရီတွင် အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။

သတင်းမှတ်တမ်း။ ။Salai Kyaw Thein Aung
မှတ်တမ်းဓါတ်ပုံ။ Lian Khan SuM