Sunday, February 13, 2011

၂၀၁၁ ခုနှစ် ဖေဖေါ်ဝါရီလ(၁၃)ရက်။

၂၀၁၁ ခုနှစ် ဖေဖေါ်ဝါရီလ(၁၃)ရက်။



(၆၄)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနားကို ဂျပန်နိုင်ငံ တိုကျိုမြို့ Minami Otsuka,Hall တွင် ယနေ့ ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့ မွန်းလွဲ ၁း၀၀ နာရီ မှ စတင်၍ ဂျပန်နိုင်ငံရှိ ညီညွတ်သောတိုင်းရင်းသားများ အဖွဲ့အစည်း(ဂျပန်) AUN-Japan မှ ဦးစီး ကျင်းပပြုလုပ်ခဲ့ပါသည်

အဆိုပါ အခမ်းအနားတွင် အပိုင်း ၂ပိုင်းခွဲကာ ကျင်းပပြုလုပ်ပြီး ပထမပိုင်းအစီအစဉ်တွင် ပင်လုံစိတ်ဓါတ် ပြည်ထောင်စုစိတ်ဓါတ် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေး ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံပေါ်ပေါက်ရေး စသည့် အကြောင်းအရာတို့ကို တက်ရောက် လာကြသည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ)၏ နာယက တဦးဖြစ်သူ အထူး ဧည်သည်တော် ဦးခင်မောင်ကြည်(အဝေးရောက် သံတမန်တဦး)နှင့် ဂျပန်နိုင်ငံရှိ ဒီမိုကရေစီ အင်အားစုများ၏ ကိုယ်စားလှယ် ခေါင်းဆောင်များ ၊ ဧည့်သည်တော်များတို့မှ နိုင်ငံရေး အနှစ်သာရရှိရှိ အကျယ်တ၀င့် ဆွေးနွေးသွားခဲ့ကြပါသည်။

မြန်မာ့ ဒီမိုကရေစီရေးကို ထောက်ခံ အားပေးနေသော ဂျပန်အမတ် သမဂ္ဂ(GIREN)၏ အထွေထွေ အတွင်းရေးမှူး ဖြစ်သူ အထက်လွတ်တော် အမတ် (ဂျပန် ဒီမိုကရက်တစ်ပါတီ) Mr.Azuma KONNO မှ ဒီမိုကရေစီ စနစ်နဲ့ ပြည်ထောင်စနစ် ဆိုတာလည်း မရသေးသကဲ့သို့ တိုင်းရင်းသား လူမျိုးစုတွေရဲ့ အခွင့်အရေး များလဲ ဆုံရှုံး နေရဆဲဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးအတွက် ကမ္ဘာ့ အသိုင်း အ ၀ိုင်း များနှင့်အတူ လက်တွဲပြီး ဆက်လက် ဆောင်ရွက်သွားကြရန် တိုက်တွန်းသည့် သ၀ဏ်လွှာ တစောင် ပေးပို့ခဲ့ပါသည်။

အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ (၆၄)နှစ်မြောက် ပြည်ထောင်စုနေ့တွင် ပေးပို့သည့် ရုပ်သံ အမှာစကားထဲမှ ကောက်နုတ်ချက် တချို့
" ကျမတို့အားလုံး ဒုတိယပင်လုံ(ခ) ၂၁ ရာစုပင်လုံကို ဦးတည်တယ်ဆိုတာဟာ အခုခေတ်အခါနဲ့ ကိုက်ညီတဲ့ စိတ်ဓါတ်တွေ လုပ်ရည်ကိုင်ရည်တွေ အရည်အချင်းတွေနဲ့ ကျမတို့ရဲ့ ပြည်ထောင်စု စိတ်ဓါတ်ကို ခိုင်မာအောင်လို့ လုပ်ဖို့ ကြိုးစားခြင်းဘဲ ဖြစ်တယ်။ ဒါကို ဘယ်သူကမှ အထင်မလွဲစေချင်ဘူး ကျမတို့ကို တခါတလေ ကျလို့ရှိရင် တချို့အဖွဲ့အစည်းတွေ တချို့လူပုဂ္ဂိုလ်တွေ ဒုတိယပင်လုံ(ခ) ၂၁ ရာစုပင်လုံကို ဦးတည်တယ် ဆိုတာဟာတမင် ပြဿနာရှာတယ်လို့ ထင်တဲ့လူတွေ လည်းရှိတယ် ဒါ အန္တရာယ်ရှိတယ်လို့ ထင်တဲ့ သူတွေလည်းရှိတယ် ကျမတို့ဟာ ပြဿနာရှာတာ မဟုတ်ဘူး ကျမတို့ ညီညွတ်မှုကို ရှာတာပါ ကျမတို့ ပြည်ထောင်စုအတွင်း ညီညွတ်မှုကို ရှာတာပါ ဘာအန္တရာယ်မှလည်း မရှိပါဘူး မှန်မှန်ကန်ကန် စဉ်းစားပြီးတော့ လုပ်သွားမယ်ဆိုလို့ရှိရင် အန္တရာယ်မရှိတဲ့အပြင် ကျမတို့အတွက် အင်မတန်မှ ကောင်းတဲ့ရလဒ်တွေ ပေါ်နိုင်စရာရှိပါတယ် ဒါကြောင့်မို့လို့ ကျမအနေနဲ့ မြန်မာနိုင်ငံက တိုင်းရင်းသားအားလုံးကို သတ္တိရှိရှိ စိတ်ထားမှန်မှန် ဇွဲကောင်းကောင်းနဲ့ ကျမတို့ရဲ့ ပြည်ထောင်စု စိတ်ဓါတ်ကြီး မပျိုမလဲနိုင်တဲ့အထိ ခိုင်မာအောင်လို့ ၀ိုင်းဝန်း ကြိုးစားပေးကြပါလို့ မေတ္တာရပ်ခံ ပြောကြားသွားပါတယ် "

ဒုတိယပိုင်း အခမ်းအနား အစီအစဉ်မှာ ဂျပန်နိုင်ငံရောက် ပြည်ထောင်စုဘွား တိုင်းရင်းသား ရိုးရာ ယဉ်ကျေးမှု အက ပဒေသာများဖြင့် ဖျော်ဖြေတင်ဆက် သွားခဲ့ကြပါသည်။ (၆၄) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားမှ ထုတ်ပြန်ကြေညာချက် တစ်စောင်ကို ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ  ။ Lian Khan Suum

Source Click Here