Monday, April 6, 2009
လူပျင်းနှင့် တန်ဖိုးသတ်မှတ်ခြင်း
Posted by Thawngsian Tung (CNC-Japan)
ခိုင်ထွန်း
အကြီးအကဲများနှင့် ထိတွေ့ခဲ့ဖူးသည်။
သူတို့၏ အတွေ့အကြုံ၊ ပညာ၊ ကြိုးစားမှုကြောင့် အုပ်ချုပ်စီမံလုပ်ငန်းများကို ဦးစီးခွင့်ရသောအခါ မည်သို့ပင်ဖြစ်စေ သာမန်အဆင့်ဝန်ထမ်းများ၊ လုပ်သားများထက် ခေါင်းစားရ၊ ကြံစည်ရ၊ ခန့်ခွဲရတော့သည်။ ထိုအခါ နဂိုကမှ တာဝန်ကြီးလျှင် ခေါင်းစားမည်ကြောက်သော ကျနော့်မှာ အကြီးအကဲနေရာကို မမှန်းချင်အောင် ဖြစ်လာသည်။
သို့သောအခါ လောက၀န်းကျင် လူ့ဘောင်လူသားများ မှန်းမျှော်သော၊ လိုချင်မျက်စိရှိသော အကြီးအကဲရာထူးကို မျက်စိမကျသောကြောင့် ရောင့်ရဲပါပေသည်ဟု ပြောဆိုခံရရာ လူအထင်ကြီးမည်ကိုပင် မနှစ်သက်သော ကျနော်က မဟုတ်ရကြောင်းနှင့် ကျနော့်စရိုက်ကိုပြောပြရာ မှတ်ချက်မျိုးစုံ ချကြသည်။
မည်သို့ပင်ဖြစ်စေ ကျနော်ကျင်လည်သော ၀န်းကျင်တိုင်းတွင် ခေါင်းဆောင်ဖြစ်ချင်သူများလည်းမနည်း၊ ဘာသိဘာသာ နေတတ်သူလည်းမနည်း၊ နောက်တချို့ ရွှေဉာဏ်တော် စူးရောက်သူတို့က ခေါင်းဆောင်မဟုတ်သော်လည်း ခေါင်းဆောင်လောက်နီးပါး သို့မဟုတ် ခေါင်းဆောင်လိုပင် အရေးပါသော နောက်ကွယ်က ကြိုးကိုင်သူဘ၀ကိုလည်း နှစ်သက်ကြသေးရာ ကျနော့်မှာ သူများထက် ခေါင်းတလုံးပိုမြင့်ဖို့ မကြိုးစားခဲ့သောကြောင့် လူပျင်းဟု သတ်မှတ်ခံရပြီး မနာလိုမျက်စိက ဝေးခဲ့ရသည်။
ကျနော့်နဂိုအကျင့်ကလည်း လူကြီးလုပ်ရမည်ထက် တာဝန်ကျေသောနောက်လိုက် အလွန်ဖြစ်ချင်သည်။ နိုင်လည်း နိုင်နင်းဖို့လွယ်သည်။ တာဝန်ကြီးမားလှသော ခေါင်းဆောင်ဖြစ်ဖို့ လုံလောက်သည့် အစွမ်းသတ္တိ မရှိပါဘဲလျက် လုပ်ရလျှင် ကိုယ်ကောင်းစားတာက မဖြစ်စလောက်နှင့် အောက်ခြေမှာမူ ဗလပွဖြစ်ကုန်မည်။
ကို်ယ်မလုပ်ချင်သည်ဖြစ်စေ၊ လုပ်ချင်သည်ဖြစ်စေ အရည်အသွေးမပြည့်ဘဲ ခေါင်းဆောင်လုပ်ပါက မိမိ၏ အားနည်းချက်ကို မည်သည့်ငယ်သားမဆို ချက်ချင်းသိမည့်အတွက် ရှက်ရမှာကတကြောင်း၊ ခေါင်းဆောင်နေရာဆိုသည်မှာ နောက်လိုက်နေရာထက် လိုချင်မျက်စိရှိကြသဖြင့် ရန်များမည်ကတကြောင်း စသဖြင့် မသင့်တော်မှုများစွာကို မြင်မိခြင်းကြောင့်အပြင် ခပ်အေးအေးနေရသည့်ဘ၀ကို မည်သည့်ခေါင်းဆောင် ဘ၀နှင့်မျှ မလဲချင်ဘဲ ရိုကျိုးသော နောက်လိုက်အဖြစ် လွတ်လပ်စွာနေရခြင်း၊ တာဝန်ကျဲခြင်းကို နှစ်သက်လျက်ရှိတော့သည်။
ဤတွင်ပင် မကင်းနိုင်သော လောကဓံသဘောအရ ကဲ့ရဲ့ခြင်းကိုလည်း ခံရသေးရာ နောက်လိုက်ဘ၀ကို ရွေးချယ်ခြင်းအား မနှစ်သက်၊ အောက်ကျသည်ဟု အမြင်ရှိသူများကြောင့်ဖြစ်ပါသည်။ ကျနော် မြင်ထားသည့် အမြင်တခုလည်း ရှိသေးသည်။
ကုန်ကားတစ်စီးနှင့်ပတ်သက်သော အဖြစ်အပျက်တခုပင်ဖြစ်သည်။ ကားအုံနာကလည်း ကားပါးမ၀၊ ကားဒရိုင်ဘာကလည်း အသစ်ပြောင်းလာသူမို့ ကုန်တင်ရာတွင် ပိုတင်လျှင်ပိုရမည်ဟု ဒရိုင်ဘာ၊ အုံနာ သဘောကျနေခိုက် ကုန်ထမ်းလုပ်သားက ဒီကားပုံစံနှင့် ဒီလောက်တင်ရင် ကားက၀ိတ်ခံနိုင်မှာမဟုတ်လို့ လေးတွေကျိုးလိမ့်မယ်၊ မောင်းရထိန်းရခက်လိမ့်မယ်ဟု မနေသာ၍ ပြောရာ ဒရိုင်ဘာအသစ်ကလည်း လာလာချင်း လာဘ်ဦးဖြစ်ပြီး အုံနာမျက်နှာရမည့်အကွက်မို့ မနှစ်သက်၊ အုံနာကလည်း ၀င်ငွေရော့မည်မို့ ကားအကြောင်း နားမလည်သူပီပီ မနာယူလို၊ ၀န်ထမ်းလုပ်သားကမူ အတွေ့အကြုံ ရင့်ကျက်သူမို့ အကြံပြုမိရာ မလိုက်နာလျှင်လည်း ဘာသိဘာသာ နေရုံပင်။ သူ့တာဝန်မဟုတ်၊ နောက်ဆုံး ခေါင်းမာလောဘကြီးသော အုံနာနှုင့် ဒရိုင်ဘာ လမ်းတွင် ဒုက္ခများတော့သည်။
ဤအဖြစ်အပျက်ကို ကြည့်၍ အောက်ခြေအမြင်သည် အုပ်ချုပ်သူဆုံးဖြတ်သူအတွက် မည်မျှတန်ဖိုးကြီးသည်ကို စဉ်းစားနိုင်လေသည်။ ထိုသို့သောအမြင်မျိုးကလည်း မိမိ၏ အောက်ခြေတာဝန်ထမ်းဘ၀ကို ကျေပွန်ပါက တန်ဖိုးကြီးလှသည်၊ ဂုဏ်ငယ်စရာမဟုတ်ဟူသော အောက်ခြေဘ၀ကို ကျေနပ်နိုင်သော အမြင်ကို ဖြစ်ပေါ်စေလေရာ ခေါင်းဆောင်ချင်လှသော လူများအတွက်မူ ကျေနပ်လောက်သော အမြင်၊ အတွေး ဖြစ်ဖို့ ခက်ပေလိမ့်မည်။
မိမိကြောင့် အသင်းအဖွဲ့ တိုးတက်စေလိုလျှင် ကျရာတာဝန် ကျင်လည်ရာ ကျွမ်းကျင်ရာ တာဝန်သည် အနိမ့်အမြင့် တိုင်းတာရန်မလိုဘဲ၊ အရေးကြီးသည်ဟု ခံယူဖို့ လိုအပ်လှသည်။ အသင်းအဖွဲ့ တိုးတက်လျှင် မိမိလည်း တိုးတက်သည်ဟု မြင်ဖို့လည်း အလွန်လိုအပ်ပါသည်။
အသင်းအပင်း ပျက်စီးကြောင်း သုံးပါးတွင်လည်း -
အကြီးအမှူးလုပ်လိုသူများခြင်း
ပညာရှိဟု မိမိကိုယ်ကို ထင်သူများခြင်း
ရာထူးမက်မောသူများခြင်းဟု ဆိုလေရာ
မိမိကောင်းစား၊ ကျော်ကြား၊ လူစွာလုပ်ရသည်ထက် အသင်းအပင်းကို ပို၍ ဂရုစိုက်အပ်သည်ကို အစစ်အမှန်ကို ထိုးဖောက်တန်ဖိုးထား မြင်တတ်သူများမှသာ နားလည်နိုင်ပေသည်။
လောကဓမ္မတာအရ သာမန်လူပိန်းကြိုက် အဆောင်အယောင် တန်ဖိုးသည် တန်ဖိုးအစစ်မဟုတ်၊ လိုက်နာအပ်သည့် ကျင့်ဝတ်ကို ကျင့်သုံးခြင်းသည်သာ တန်ဖိုးဟု နားလည်သင့်လှပေသည်။
တကယ်ပင် လုံလောက်သည့် ပညာစွမ်းဖြင့် ကြုံတွေ့လာမည့် စိန်ခေါ်မှုအသစ်များကို ရင်ဆိုင်ဖြေရှင်းနိုင်မည့် ခေါင်းဆောင်ကောင်း လိုအပ်သလောက် ၄င်းတို့၏ နောက်ဝယ် တာဝန်ကျေပွန်လှသော မိမိ၏ လုပ်အားအပေါ် ဂုဏ်ယူတတ်သော နောက်လိုက်ကောင်းများ လိုအပ်ပါလိမ့်မည်။