Thursday, April 30, 2009
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ၂ဝ၁ဝ ရွေးကောက်ပွဲကိစ္စ ဆွေးနွေး
Posted by Thawngsian Tung (CNC-Japan)
မဇ္ဈိမသတင်းဌာန
ဗုဒ္ဓဟူးနေ့၊ ဧပြီလ 29 2009
နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံ၏ အဓိက အတိုက်အခံ ပါတီဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ဌာနခွဲအသီးသီးမှ တက်ရောက်လာသော စည်းရုံးရေး ကော်မတီဝင်များသည် အင်္ဂါနေ့က တွေ့ဆုံကာ လာမည့် ၂ဝ၁ဝ ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်မည်၊ မယှဉ်ပြိုင်မည် ဆိုသည့် ကိစ္စကို ဆွေးနွေးကြသည်ဟု ဆိုသည်။
ပါတီ ဥက္ကဌ ဦးအောင်ရွှေက အစည်းအဝေး အဖွင့်မိန့်ခွန်း ပြောကြားရာတွင် ဗဟို အလုပ်အမှုဆောင် ကော်မတီက ပြုစုရေးသား၍ အစည်းအဝေးသို့ တင်သွင်းထားသော အရေးကြီးသည့် စာတန်း ၂ စောင်ကို ပါတီဝင်များက ဝိုင်းဝန်း ဆွေးနွေးပေးကြပါရန် ပြောကြားသွားခဲ့သည်။
“ဒီစာတန်း ၂ စောင်အပေါ် ဆွေးနွေးရရှိချက်တွေကို အခြေခံပြီး လာမဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ကျနော်တို့ လုပ်ရမဲ့ အလုပ်တွေကို ဆုံးဖြတ်သွားပါမယ်” ဟု ဦးအောင်ရွှေက အစည်းအဝေးတွင် ပြောကြားသည်။
မည်သို့ပင် ဖြစ်စေကာမူ နိုင်ငံရေးအရ လက်တွေ့ကျကျ ဆောင်ရွက်နိုင်ရေးအတွက် “နိုင်ငံရေး ပါတီများ မှတ်ပုံတင်ရေး ဥပဒေနှင့် ရွေးကောက်ပွဲ ဥပဒေ ထွက်လာသည်အထိ ကျနော်တို့ စောင့်ကြည့်ကြရန် လိုကြောင်း၊ ပြီးမှသာ ဤအခြေခံ ဥပဒေအတိုင်း ရွေးကောက်ပွဲတွင် ဝင်ပါဝင်သင့်မသင့်၊ ပါဝင်နိုင်မနိုင်ကို ဆုံးဖြတ်ရမည်” ဟုလည်း ပြောကြားသွားခဲ့သည်။
အစောပိုင်းကမူ NLD က စစ်အစိုးရ၏ ရွေးကောက်ပွဲ ကိစ္စကို လေးလေးနက်နက် ချဉ်းကပ် စဉ်းစားပြောကြားခြင်း မပြုခဲ့ဘဲ၊ ၎င်းတို့ဘာသာ ရေးဆွဲ၍ ၂ဝဝ၈ ခုနှစ်မေလ အတွင်းက ကျင်းပခဲ့သော ဆန္ဒခံယူပွဲနှင့် အတည်ပြုခဲ့သော ဖွဲ့စည်းပုံ အခြေခံဥပဒေကို စစ်အစိုးရက ပြန်လည် သုံးသပ်ရန်သာ ပြောကြားတောင်းဆိုခဲ့သည်။
ဦးအောင်ရွှေကသူ၏ မိန့်ခွန်းတွင် NLD ၏ တောင်းဆိုချက်ဖြစ်သော ပါတီခေါင်းဆောင်များဖြစ်သော ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးတို့ အပါအဝင် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး၊ စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒေါ်အောင်ဆန်းစုကြည်တို့အကြား တွေ့ဆုံ ဆွေးနွေးမှုများ စတင်ပါရန်တို့ကိုလည်း တောင်းဆိုသွားခဲ့သည်။
အစည်းအဝေးကို ပြည်နယ်နှင့် တိုင်းအသီးသီးမှ စည်းရုံးရေး ကော်မတီဝင်များ၊ ၁၉၉ဝ ရွေးကောက်ပွဲတွင် ရွေးကောက်ခံခဲ့ရသော လွှတ်တော် ကိုယ်စားလှယ်များ စုစုပေါင်း ၁၅၆ ဦး တက်ရောက်ခဲ့ကြပြီး၊ ဤအစည်းအဝေးသည် လွန်ခဲ့သော အနှစ် ၂ဝ အတွင်း ပါတီက ကျင်းပခဲ့သည့် အလားတူ အစည်းအဝေးများထဲတွင် စတုတ္ထမြောက် အစည်းအဝေး ဖြစ်သည်။
လွန်ခဲ့သော ၁၉၉ဝ ခုနှစ်ရွေးကောက်ပွဲအတွင်း NLD ပါတီက အပြတ်အသတ် အနိုင်ရခဲ့ပြီး နောက်နှစ်ပေါင်း ၂ဝ အတွင်း စစ်အစိုးရကြောင့် ချည့်နဲ့သွားခဲ့ရပြီး၊ တနိုင်ငံလုံးရှိ ရုံးခွဲများ ပိတ်ပစ်ခြင်း ခံခဲ့ရသည်။
ရန်ကုန် ရွှေဂုံတိုင်ရှိ ပါတီဌာနချုပ် တခုတည်းသာ ဆက်လက် လည်ပတ် ရပ်တည်နေနိုင်ပြီး၊ စစ်အစိုးရက ရုံးတွင် ကျင်းပသော အခမ်းအနားများ၊ လာရောက်သော ဧည့်သည်များ အားလုံးကို စောင့်ကြည့် မှတ်တမ်းတင်နေခဲ့သည်။