Monday, January 12, 2009

၂ဝဝ၉ ခုနှစ်တွင် ချင်းပြည်နယ်၌ လူမှုဒုက္ခ အကြပ်အတည်းများ ပိုမိုလာဖွယ်ရှိဟု NGO ပြော

cncletterhead
Posted by Thawngsian Tung (CNC-Japan)
ဆလိုင်းပီးပီး
စနေနေ့၊ ဇန်နဝါရီလ 10 2009 10:00 - မြန်မာစံတော်ချိန်
နယူးဒေလီ (မဇ္ဈိမ)။ ။ ရာသီဥတု ဆိုးရွား၍ သီးနှံများ အထွက်နှုံး ကျဆင်းခြင်းနှင့် ကြွက်ကပ်ကြောင့် သီးနှံများ ပျက်စီးခြင်းကြောင့် မြန်မာနိုင်ငံ အနောက်ပိုင်း ချင်းပြည်နယ်အတွင်း ၂ဝဝ၉ ခုနှစ်၌ လူမှုဒုက္ခ အကြပ်အတည်းများနှင့် မကြာမီ ကြုံတွေ့ရတော့မည်ဟု ချင်းပြည်နယ်ရှိ ထိပ်တန်း လူသားချင်း စာနာသည့် အကူအညီ ပေးနေသူတဦးက ပြောကြားလိုက်ပါသည်။
၂ဝဝ၈ ခုနှစ်အတွင်း မိုးခေါင်ခြင်းနှင့် ကြွက်ဘေး ကျရောက်ခြင်းတို့ကြောင့် ချင်းပြည်နယ်အတွင်း ပေါ်ပေါက်ခဲ့သော လူမှုဒုက္ခ အကြပ်အတည်းမှာ ပြီးဆုံး ကျော်လွန်ဖို့ အဝေးကြီး လိုသေးသည်ဟု ရန်ကုန်အခြေစိုက် မြန်မာနိုင်ငံ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအေဂျင်စီ (CAD) မြန်မာနိုင်ငံဒါရိုက်တာ ဂျိုးဇက်ဝင်းလှိုင်ဦးက ကြာသပတေးနေ့က ပြောကြားသွားခဲ့ပါသည်။
"ဒီနှစ် အခြေအနေက ပိုဆိုးလာနေတယ်" ဟု ဂျိုးဇက်က မဇ္ဈိမကို ပြောပါသည်။ ထို့ပြင် လူထုတွင်အစာရေစာပြတ် တောက်မှုများ စတင်ပေါ်ပေါက်နေပြီဟုလည်း သူက ဆက်လက် ပြောဆိုပါသည်။
"လူထုက အကူအညီတွေ ပိုလိုအပ်နေပါတယ်" ဟု ဂျိုးဇက်က ထပ်မံပြောကြားပါသည်။ သူတို့ အဖွဲ့အစည်းသည် ကမ္ဘာ့ စားနပ်ရိက္ခာအစီအစဉ် (WFP) မှ အကူအညီရယူ၍ ချင်းပြည်နယ်ရှိ ကျေးရွာအနည်းငယ်တွင် အကူအညီပေးရေး ပစ္စည်များ ဖြန့်ဖြူးမှုကို စတင် လုပ်ဆောင်နေပါသည်။
CAD သည် ကြာသပတေးနေ့တွင် ဆန်အိတ် ၇ဝဝ ကို ချင်းပြည်နယ်မြို့တော် ဟားခါးမြို့နယ်ရှိ ကြွက်ကပ်နှင့် မိုး ခေါင်ခြင်းကြုံတွေ့ခဲ့ရသော ကျေးရွာများသို့ စတင်ဖြန့်ဖြူးနေပြီ ဖြစ်သည်။
ချင်းပြည်နယ်တွင် နှစ်ပေါင်း ၅ဝ တွင် တခါကြုံတွေ့ရမြဲဖြစ်သည့် ဝါးသုဉ်းပြီး ဝါးပွင့်များ စားသုံးခြင်းကြောင့် ကြွက်များ အဆမတန် တိုးပွါးလာသည့် ကြွက်ကပ်ဘေးကြောင့် ဒေသတွင်း စားနပ်ရိက္ခာ လုံခြုံမှုမှာ ၂ဝဝ၆ ခုနှစ်ကုန်ကတဲက တဖြေးဖြေး ခြိမ်းခြောက်ခံနေရသည်။
"ဒီနေ့တော့ ကျနော်တို့ ဟားခါးမြို့နယ်ထဲက ပီနန်းရွာအပါအဝင် ရွာ ၄ ရွာမှာ လူတွေကို ဆန်အိတ်တွေ ဝေပေးတယ်" ဟု ဂျိုးဇက်က ပြောပါသည်။
သို့သော် ဤသို့ပေးခြင်းမှာ အခမဲ့ပေးခြင်း မဟုတ်ဘဲ ကျေးရွာသားများ အနေဖြင့် ကျေးရွာချင်း ဆက်သွယ်သည့်လမ်းများ ဖောက်လုပ်ခြင်း ကဲ့သို့သော ရပ်ရွာသာယာရေး လုပ်ငန်းများတွင် အလုပ် လုပ်ကိုင်ခြင်းဖြင့် “လုပ်အားနှင့် စားနပ်ရိက္ခာ လဲလှယ်သည့် အစီအစဉ်” အရ ပေးအပ်ခြင်း ဖြစ်သည်။
"ကျနော်တို့က သူတို့ကို လုပ်သလောက်ပေးတာ။ စုစုပေါင်းဆန်အိတ် ၁ဝဝ ကို လမ်း တမိုင်ဖောက်ပြီးတော့ လူ ၁၈ ယောက်ကို ပေးခဲ့ပါတယ်" ဟု ဂျိုးဇက်က ပြောပါသည်။ ဤ “လုပ်အားနှင့် စားနပ်ရိက္ခာ လဲလှယ်ရေး” အစီအစဉ်သည် စားနပ်ရိက္ခာအကူအညီကို ကျေးရွာသားတို့ အကောင်းဆုံး အသုံးချနိုင်အောင် ရည်ရွယ်ပြုလုပ်ခြင်း ဖြစ်သည်ဟုလည်း သူကပြောပါသည်။
အဆိုပါ အကူအညီပေးရေး ပစ္စည်းများ ဟားခါး၊ ထန်တလန်နှင့် မတူပီ ၃ မြို့နယ်မှ အနည်းဆုံး လူဦးရေ ၃ သောင်းထံ ရောက်ရှိစေရန် CAD အနေနှင့် ရည်ရွယ်ထားကြောင်းလည်း ဂျိုးဇက်က ပြောသည်။ သို့သော် ထိုသို့ အကူအညီပေးရေး ပစ္စည်းများဖြန့်ဖြူးရန် လွန်ခဲ့သော နိုဝင်ဘာလအတွင်းက ဆောင်ရွက်ခဲ့သော ကနဦး အစီအစဉ်သည် အမျိုးအစား ကောင်းမွန်သော ဆန်များ ဝယ်ယူမရခြင်းကြောင့်၎င်း၊ သယ်ယူ ပို့ဆောင်စရိတ် ကြီးမြင့်ခြင်းကြောင့်၎င်း မအောင်မြင်ခဲ့ဟု သူက ပြောပါသည်။
အိန္ဒိယ မြန်မာနယ်စပ်ရှိ ကျေးရွာများ အပါအဝင် နောက်ထပ် ကျေးရွာ အများအပြား ကျန်ရှိနေသေးသည့်အတွက် ရရှိ နေသော ကယ်ဆယ်ရေး ပစ္စည်းများသည် လောက်ငှမှု မရှိသေးကြောင်းဖြင့်လည်း သူက ထပ်မံ ပြောဆိုပါသည်။ ထို့ပြင် သူ့အပြောအရ ဤစားနပ်ရိက္ခာ အကြပ်အတည်းသည် အိန္ဒိယမြန်မာ နယ်စပ်တလျှောက်တွင် ပိုမိုဆိုးရွားသည်ဟု ဆိုသည်။
"အိန္ဒိယ မြန်မာ နယ်စပ်နဲ့နီးတဲ့ နေရာတွေက ပြဿနာတွေက တခြားနေရာတွေနဲ့ စာရင်ပိုဆိုးတယ်" ဟု ဂျိုးဇက်က ပြောသည်။ လမ်းများ မကောင်းခြင်း၊ ထိုနေရာများသို့ အရောက်ပို့ရန် သယ်ယူပို့ဆောင်ရေး ခက်ခဲခြင်းတို့ကြောင့် ဤသို့ ပိုမို ခက်ခဲရခြင်း ဖြစ်သည်ဟု ဆိုသည်။
CAD, KARET, WORLD VISION, ကရုဏာ မြန်မာလူမှုအကူအညီပေးရေးအဖွဲ့ (KMSS) တို့ကဲ့သို့ သော အကူအညီပေးရေး အေဂျင်စီများက ပြုလုပ်ခဲ့သော လေ့လာ အကဲဖြတ်မှုများအရ ကြွက်ကပ်ကြောင့် စားနပ် ရိက္ခာလုံခြုံမှု အပြင်းအထန် ထိခိုက်ခဲ့ရသော ကျေးရွာပေါင်း ချင်းပြည်နယ်တွင် ၁၃၉ ရွာရှိနေပြီး လူပေါင်း အနည်းဆုံး ၆ သောင်းမှာ ထိုဘေးဒုက္ခကို ခံစားနေကြရသည်ဟု ဆိုသည်။
WFP က ၂ဝဝ၈ ခုနှစ်အတွင်း အခြားနိုင်ငံတကာနှင့် ဒေသခံ ကယ်ဆယ်ရေး အေဂျင်စီများမှတဆင့် ချင်းပြည်နယ်ရှိ ဒုက္ခသည်များကို ကူညီရန် ဆန် ၁၄၅၁ တန်ကို ပေးပို့ခဲ့သည်ဟု ဂျိုးဇက်က ဆိုသည်။ ၂ဝဝ၉ ခုနှစ် ပထမနှစ်ဝက်အတွင်း နောက်ထပ် ကျပ်ငွေသန်း ၈ဝဝ (အမေရိကန်ဒေါ်လာ ၆ သိန်းခန့်) ကို ထပ်မံ အကူအညီ ပေးဦးမည်ဟုလည်း ဂျိုးဇက်က ဆက်လက် ပြောကြားပါသည်။
ပြောင်းနှင့် စပါးအထွက်နှုံးများ အလွန်အမင်း ကျဆင်းသည့်အတွက် ချင်းပြည်နယ်မြောက်ပိုင်းရှိ အနည်းဆုံးကျေးရွာ ၁၆ ရွာတွင် စားနပ်ရိက္ခာ မလုံလောက်မှု ပြဿနာနှင့် ကြုံတွေ့နေရကြောင်းဖြင့် ပြည်ပအခြေစိုက် ချင်းလူသားချင်းစာနာသည့် အကူအညီပေးရေးနှင့် ကယ်ဆယ်ရေး ကော်မတီ (CHRC) ၏ ပြောရေးဆိုခွင့်ရှိသူ ဗန်လျံထန် (Van Lian Thang) က ယခု အတောအတွင်း မကြာသေးမီက ပြောဆိုသွားခဲ့ပါသည်။